CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄

စိုက်ပျိုးရေးနှင့်မွေးမြူရေးအား အဓိကထား လုပ်ဆောင်မည်ဟု ခေတ်အဆက်ဆက်အစိုးရများ လက်ထက်တိုင်း ပြောဆိုခဲ့ သော်လည်း တစ်စုံတစ်ရာ ထိရောက်စွာ လုပ်ဆောင်ပေးခဲ့ခြင်း မရှိခဲ့သဖြင့် နစကဥက္ကဋ္ဌ၏ ပြောဆိုမှုအပေါ်ကိုလည်း မမျှော်လင့်ထားကြောင်း တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌက ဩဂုတ် ၁ ရက်နေ့ မိန့်ခွန်းတွင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးပိုင်းအား ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေ ရရှိရေး တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောသွားခဲ့သည်။

ကျောက်ပန်းတောင်းတွင် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် ဦးကိုကိုလေးက “ကျနော်တို့ကတော့ ရလိမ့်မယ်လို့ မျှော်လင့် မထား ဘူးပေါ့‌လေ။ ဘာလို့ဆိုတော့ သူတို့က ဟိုးအရင်တုန်း ကတည်းကပေါ့ သူတို့လုပ်ပေးတာပဲ။ ဒါပေမယ့် ဌာနဆိုင်ရာတွေနဲ့ ဆက်စပ်ရာ ဆက်စပ်ကြောင်းပဲ ရသွားကြတာလေ။ ကျနော်တို့ အောက်ခြေကျတော့ ရောက်မလာကြဘူးလေ။ ရောက်လာ တယ် ဆိုရင်လည်း ဒီလုပ်ငန်းလေး လုပ်တယ်ဆိုတာ တစ်ခုကို သတင်းအနေနဲ့ ဖော်ပြဖို့လောက်ပဲ သူတို့ လုပ်နိုင်တာကိုး။ တောင်သူတွေ အားလုံး ထိရောက်အောင်ဆိုတဲ့ အနေအထား တစ်ခုဖြစ်ဖို့ကျတော့ မလွယ်ဘူးလေ။ လက်ရှိက အားလုံးက အစစ အရာရာက ဝင်ငွေရော ဘာရောပေါ့လေ အကုန်လုံးက ခက်ခဲတဲ့ အပိုင်းဆိုတော့ ပိုပြီးတော့ မဖြစ်နိုင်တော့ မမျှော်လင့် ကြဘူးပေါ့” ဟု CNI သို့ ပြောသည်။

နွားမွေးမြူရေးလုပ်ငန်းတစ်ခုကိုတွေ့ရစဉ်

တောင်သူများအတွက် အမှန်တကယ် လုပ်ပေးမည်ဆိုပါက လက်ရှိ မြင့်တက်နေသည့် သွင်းအားစု ဈေးနှုန်းများအား လျော့ကျ အောင် လုပ်ဆောင်ပေးသင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ စိုက်ပျိုးရေးလုပ်ကိုင်နေသည့် ကိုစည်သူက CNI သတင်းဌာန သို့ ပြောသည်။

ကိုစည်သူက “ဈေးလျော့ဖို့ဆိုရင်တော့ ဒေါ်လာဈေးကျမှပဲ ရမှာ။ ဒေါ်လာဈေး တက်နေသမျှ ဈေးကတော့ တက်နေဦးမှာပဲ။ ဈေးတက်နေရင်တော့ တောင်သူတွေကတော့ နစ်နာတာပေါ့။ တောင်သူတွေကျတော့ အနှိမ်ခံရတာပေါ့။ ဒေါ်လာဈေး တက်နေရင်တော့ အဲဒါတွေ အကုန်လုံးက တက်နေမှာပဲလေ။ ဒေါ်လာဈေးပေါ် မူတည်တာဆိုတော့။ ဒေါ်လာဈေးနဲ့ ဆီဈေး ပေါ့။ ဆီဈေး တက်နေရင်လည်း တက်မှာပဲ။ ကားနဲ့ပဲ သယ်ကြ ပြုကြတာဆိုတော့ ဆီဈေးတက်လည်း တက်မှာပဲ။ ဒေါ်လာ ဈေး တက်လည်း တက်မှာပဲ။ အဲဒီလို မြေဩဇာဖိုး၊ ဆီဖိုး၊ ဆေးဖိုး ဘာညာ အကုန်လုံးလည်း တက်မှာဆိုတော့”ဟု ပြောသည်။

လက်ရှိတွင် တောင်သူအချို့သည် အသင့်သုံး ဓာတ်မြေဩဇာများ ဈေးတက်သဖြင့် သဘာဝ ဓာတ်မြေဩဇာ ဖြစ်သည့် နောက်ချေး(နွားချေး)တို့ကို ပြောင်းလဲ အသုံးပြုလာကြကြောင်း၊ ယခင်က အသင့်သုံး ဓာတ်မြေဩဇာ ၃ အိတ် အသုံးပြု ရသည့် နေရာတွင် သဘာဝ ဓာတ်မြေဩဇာ အိတ် ၆၀ ခန့် အသုံးပြုရကြောင်း သိရသည်။

တောင်သူများ ရေသွင်းနေကြစဉ်

ထိုသို့ အသုံးပြုရာမှာတော့ ဈေးနှုန်းကွာဟချက်အနေဖြင့် အသင့်သုံး ဓာတ်မြေဩဇာ ၃ အိတ်အတွက် ကျပ်ငွေ ၃ သိန်းကျော် ကုန်ကျကြောင်း၊ သဘာဝ ဓာတ်မြေဩဇာ အိတ် ၆၀ အား ကျပ်ငွေ ၁ သိန်းခွဲ ဝန်းကျင် ကုန်ကျကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိ အသုံးပြုနေကြသည့် အသင့်သုံး ဓာတ်မြေဩဇာများအစား သဘာဝဓာတ်မြေ ဩဇာများအား တောင်သူ များကိုယ်တိုင် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ပေးမည်ဆိုပါက ပို၍ ကောင်းမွန်မည်ဖြစ်ကြောင်း ကျောက်ပန်းတောင်းတွင် စိုက်ပျိုးရေး လုပ်ကိုင်နေသည့် ဦးကိုကိုလေးက ပြောသည်။

သို့သော် အချို့တောင်သူများ၏ စိုက်ပျိုးမြေများသည် အသင့်သုံး မြေဩဇာ အများအပြား အသုံးပြုထားခဲ့ကြသဖြင့် သဘာဝ ဓာတ်မြေဩဇာ ချက်ချင်း ပြောင်းလဲ အသုံးပြုမည်ဆိုပါက မလွယ်ကူကြောင်း၊ တဖြေးဖြေး အချိန်ယူပြီး လုပ်ယူရမည် ဖြစ် ကြောင်း ရခိုင်တောင်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်သည် ဆည်များရှိသော်လည်း စိုက်ပျိုးရေ မရရှိသည့်အတွက် မိုးစပါး တစ်ခုတည်းကိုသာ စိုက်ပျိုးနေရပြီး ယနေ့အထိ မိုးရွာသွန်းမှုမရှိဘဲ မိုးခေါင်နေသည့်အတွက် တောင်သူများ ဒုက္ခရောက်နေရကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ တောင်သူများအတွက် စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ပြောသည်။

တောင်သူများ လယ်ယာလုပ်ငန်းလုပ်နေစဉ်

ဦးအောင်ကျော်မြက “ကျနော်တို့ ရခိုင်ဘက်မှာက မြောက်ပိုင်း တောင်ပိုင်းဆိုတာ သုံးလို့ရတယ်။ အဲဒီ မြောက်ပိုင်းမှာကျရင် ကျနော်တို့ ရေချိုတွေ ရှိတယ်။ တောင်ပိုင်းကျရင် ရေငန်တွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်ဘက်မှာက ပင်လယ်ကမ်း ရိုးတန်း တစ်လျှောက်မှာ ဒီတောင်တန်းတွေက တစ်လျှောက်လုံးကို ဝန်းရံပြီး ရှိတယ်။ ဒါကြောင့် ကျနော်တို့ ရခိုင်ဘက်မှာ နှစ်သီးစား တကယ် စေတနာထားပြီး လုပ်ပေးမယ်ဆိုရင် ကျနော်တို့ ရခိုင်ဒေသကို ဆည်ရေတွေပေါ့။ မြစ်ရေကန် စီမံကိန်းတို့ ဆည်ရေတို့ ရနိုင်အောင် လုပ်ပေးမယ်ဆိုရင် ကျနော်တို့ ရခိုင်ဘက်မှာက လယ်ဧက ၁၂ သိန်းလောက် ရှိတယ်။ မြစ်ရေကန် စီမံကိန်းသော်လည်းကောင်း ဆည်ရေ စီမံကိန်းသော်လည်းကောင်း လုပ်ပေးမယ်ဆိုရင် ကျနော်တို့ နှစ်သီးစိုက်လို့ ရမှာပေါ့။ နှစ်သီး စိုက်လို့ရတဲ့အခါ လက်ရှိဝင်ငွေထက် ရခိုင်ဒေသ တောင်သူလယ်သမားတွေဟာ တစ်ဆလောက် ပိုပြီးတော့မှ မြင့်တက်သွား မယ်။ မြင့်တက်သွားတဲ့အခါ ကျနော်တို့ ဘဝတွေလည်း ဖွံ့ဖြိုးလာမယ်”ဟု CNI သို့ ပြောသည်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေသူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ လက်ကျန် ၄၉၁ ဘီလီလျံထဲက ဘီလီလျံ ၄၀၀ အား ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဩဂုတ် ၁ ရက်နေ့ မိန့်ခွန်း တွင် ပြောကြားခဲ့သည်။