CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၃

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ ဆက်သွယ်ထားသည့် အမ်း - ပဒါန်း ကားလမ်းကို ဧပြီလ ၂ ရက်နေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားခြင်းကြောင့် အမ်းမြို့ တွင် ဆန်အခက်အခဲရှိလာနိုင်သည်ဟု ဒေသခံများက ပြောသည်။

ယခင်က အမ်းမြို့ဒေသခံများသည် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်မှတဆင့် ဆန်ကို ဝယ်ယူကြသော်လည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုမြို့နယ်များမှ ဝယ်ယူ၍ မရတော့ကြောင်း၊ ထို့ကြောင့် အမ်း - ပဒါန်းကားလမ်းကို အသုံးပြု၍ မင်းဘူးမြို့မှတဆင့် ဆန်ကို အဓိကတင်သွင်းနေရခြင်းဖြစ်သည်။

လက်ရှိတွင် ထိုကားလမ်းကို ပိတ်လိုက်မည်ဆိုပါက အမ်းဒေသခံများအတွက် ဆန်အခက်အခဲ ဖြစ်လာမည်ဟု အမ်းမြို့နယ်၌ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဦးမောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

 AA တပ်ဖွဲ့ မြောက်ဦးကိုထိန်းချုပ်ထားစဉ်

၎င်းက “ခါတိုင်းဆို ကျနော်တို့ဆီက ဆန်တွေဟာ မင်းဘူးဘက်ကနေ သယ်နေရတာ။ ရခိုင်ပြည်ဘက်ကနေလည်း ဆန်က မရဆိုတော့ မင်းဘူးဘက်ကနေပဲ သယ်နေရတာ။ အခုတော့ လမ်းတွေ ပိတ်ထားတယ်လို့ ပြောသံကြားပါ တယ်။ အဲဒီလိုသာ အမှန်တကယ် မသွားရဘူးဆိုရင် ကျနော်တို့ အမ်းက လူတွေကတော့ စားဖို့သောက်ဖို့ ဆန် ကတော့ လုံးဝကို မရှိတော့ပါ။ ကျနော့်ဆီမှာလည်း အဝင်မရှိရင် ဆန်က စားစရာကို မရှိတော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ်အတွင်းသို့ ရေလမ်း၊ ကုန်လမ်းအားလုံးကို နစကမှ ပိတ်ထားသည့်တိုင် အမ်းမြို့နယ်တွင် ဆန်ကို သက်ဆိုင်ရာ ဌာနဆိုင်ရာများမှတဆင့် တစ်ပတ် ၁ ကြိမ်သော် လည်းကောင်း၊ ၂ ပတ် ၁ ကြိမ်သော်လည်းကောင်း အကန့်အသတ်ဖြင့် ဆန်သယ်ယူခွင့် ရှိသည်။

သို့သော် ယခုအခါမှာတော့ AA ဘက်က အမ်းကို ဝင်ရောက်မည့် လမ်းကြောင်းအား ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းကြောင့် ဆန်အခက်အခဲ ဖြစ်လာနေသည်။

အမ်းမြို့နယ်တွင် အခြေခံလူတန်းစား အများအပြား ရှိသည့်အတွက် ဒေသတွင်း ဆန်ပြတ်လပ်မှု မဖြစ်ပေါ်စေရန် ဆန်ရောင်းချသူများနှင့် အုပ်ချုပ်ရေးမှူးများမှ ဆန်ကို အကန့်အသတ်ဖြင့် ရောင်းချပေးသည့်စနစ်ကို လုပ်ဆောင် ထားကြောင်း အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဆန်အိတ်များ သယ်နေကြစဉ်

၎င်းက “ကျနော်တို့ဆီမှာ လက်လုပ်လက်စားက များပါတယ်။ ဟိုလို မိုးစာရယ်လို့ အဲဒီလိုမျိုး ၁ လတန်သည် ၂ လတန်သည် ဝယ်စားတဲ့သူ မရှိပါဘူး။ တချို့ကျတော့ အလုပ်လုပ်က ပြန်လာပြီးတော့မှ ဆန် ၁ ပြည် အဲဒီလိုမျိုး ဝယ်စားတဲ့သူက များပါတယ်။ အဲဒါကြောင့် အခုဆိုရင် ဆန်ရောင်းသမားရယ်၊ ကျနော်တို့ အုပ်ချုပ်ရေးမှူး အပိုင်း ကနေပြီးတော့ ၁ ရက်ကို ၁ အိမ်ကို ၁ ပြည်ဆို ၁ ပြည်၊ ၂ ပြည်ဆို ၂ ပြည်နှုန်း၊ အိမ်ထောင်စုများတဲ့သူဆို များတဲ့ နှုန်း အကန့်အသတ်နဲ့ အဲဒီလိုပုံစံမျိုးနဲ့ လုပ်ပေးတာပါ။ ဘာလို့လဲဆိုတော့ ဝယ်ရပြုရတာ ကားတွေကလည်း အခက်အခဲရှိတယ်။ ဆန်တွေကို ၁ အိမ်ကို ၁ ရက်ကို ၂ ပြည်နှုန်းပုံစံမျိုးနဲ့ အဲဒီလိုပဲ ရောင်းပေးနေတာပါ” ဟု ပြော သည်။

အမ်းမြို့နယ်သည် စပါးစိုက်ပျိုးမှု မရှိဘဲ သီဟိုဋ္ဌ်သီးနှင့် ယာသီးနှံများကိုသာ စိုက်ပျိုးကြသည်ဟု သိရသည်။

ထို့ကြောင့် ယခုကဲ့သို့ လမ်းကြောင်းကို ပိတ်လိုက်မည်ဆိုပါက ဒေသခံများအတွက် ဆန်ရိက္ခာ လိုအပ်ချက် ဖြစ်ပေါ်လာမည်ဖြစ်ပြီး မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ယခုထက်ပို၍ အခက်ကြုံ သွားနိုင်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဒေသခံများသည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ များအရ အမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။