CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားတပ်များ ဝင်လာပါက လူထုတစ်ရပ်လုံးမှာ နစကဘက် ‌ရောက်သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း တော်လှန်ရေး အင်အားစုဘက်သို့ နိုင်ငံခြားအဖွဲ့အစည်း များက ထောက်ပံ့မှု အချို့ ပြုလုပ်နေကြောင်း၊ ထိုအခြေအနေအား လူထုမှ စောင့်ကြည့်နေကြောင်း ၎င်းက ပြော သည်။

ဦးစိန်ဝင်းက “ခင်ဗျားတို့ အဲဒီဖက်က နိုင်ငံခြားသား တစ်ခုခု ပါလာပြီဆိုရင် ပြည်သူက ဘယ်ဖက် ပါမယ်ထင်တုန်း၊ နစကဘက်ရောက်သွားမှာ ပြည်သူက ကြည့်နေတာ ဟိုဘက်က ထုနဲ့ထည်နဲ့ပါရင် အခုကတော့ ငွေရေး၊ ကြေးရေး ပါတယ် နည်းပညာပါတယ်၊ အားပေးမှုတွေပါတယ် ကြည့်နေသေးတယ်၊ တကယ် ခင်ဗျားတို့ မြန်မာနိုင်ငံထဲကို နိုင်ငံခြားတပ် တစ်တပ်ဝင်လာပြီ အထူးသဖြင့် အမေရိကန်လိုဟာမျိုး UK လိုဟာမျိုး ဘယ်လောက်ပဲ လက်နက် တွေ သာသာ စိတ်ဓါတ်ကတော့ မရဘူး။ မြန်မာလူမျိုးကတော့ တခြားလူမျိုးနဲ့ မတူဘူး။ တိုင်းရင်းသားထဲမှာ တောင် မြန်မာလူမျိုးက မတူဘူး။ ရခိုင်က ဘာတော်တုန်း သူတို့လူမျိုး အချင်းချင်း သွေးစည်းညီညွတ်တယ်၊ ဗမာ က ဘာကောင်းတုန်းဆိုရင် ဗမာက ဉာဏ်ရည်ဉာဏ်လွှာက အရမ်းကောင်းတယ်၊ပြီးရင် သတ္တိရှိရမယ့် ကိစ္စမျိုးကို တကယ်လည်း သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်တယ်။ သူများနဲ့ မတူ ဘူး။ ဒီပြင် တိုင်းရင်းသားနဲ့ မတူဘူး” ဟု ပြောသည်။

မြန်မာ့တပ်မတော်နဲ့ နစကကို ကန့်ကွက်ကြောင်း ပြသနေစဉ်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊‌ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် မြန်မာ့တပ်မတော်အား ပြန်လည်ဖြုတ်ချနိုင်ရေး တော်လှန်ရေး အင်အားစုများက ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့(PDF) ကို ဖွဲ့စည်းကာ နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက်ရှိနေသည်။

အဆိုပါ နွေဦးတော်လှန်ရေး ဆင်နွှဲရာတွင် နိုင်ငံတကာက မြန်မာ့တော်လှန်ရေး အင်အားစုများကို လက်နက် ခဲယမ်းများ ကူညီမှုမရှိသည့်အတွက် ရုရှားတပ်ဖွဲ့များ၏ ကျူးကျော်မှုကို တွန်းလှန်နေသည့် ယူကရိန်းတပ်ဖွဲ့များကို လက်နက်ထောက်ပံ့မှုမျိုး PDF များကိုလည်း ကူညီရန် နိုင်ငံတကာသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တောင်းဆိုလျက်ရှိသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာတပ်များ ဝင်လာစရာ မရှိကြောင်း၊ လုံခြုံရေးကောင်စီတွင် အဆိုပြုချက်များမှာလည်း အောင်မြင်မှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။

မြို့တွင်း လုံခြုံရေးလုပ်နေသည့် တပ်ဖွဲ့ကိုတွေ့ရစဉ်

ဦးသန်းစိုးနိုင်က “လူထုကတော့ အဲဒီလို အင်အားစုတွေ ကုလသမဂ္ဂတပ်တွေ ဘာတွေ ဝင်လာတယ်ဆိုရင် ကြိုဆို မှာပေါ့ဗျာ၊ လူထုက အဲဒါတွေ မျှော်နေတာ၊ ကျနော်တို့က ရေရှည်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကြည့်ပြီးတော့ အဲဒီလို ကုလသမဂ္ဂက ဝင်ဖို့ အဆိုပြုချက်တွေ လုံခြုံရေးကောင်စီမှာလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ တရုတ်နဲ့ ရုရှားရှိ နေတဲ့ အခါကြတော့ အောင်မြင်မှာ မဟုတ်ပါဘူး။ နောက်ပြီး အဲဒီတပ်တွေ ရှိနေတုန်းမှာ အခုတရုတ်တပ်က အမြဲ တမ်း ကျနော်တို့ ဗမာနယ်စပ်မှာ ၃ သောင်းအထက် ၃ သောင်းကနေ ၅ သောင်းအထိ ရှိနေတယ်၊ အဲဒီတော့ အဲဒီ တပ်တွေက ဆင်းလာလိုက်ရင် မန္တလေးကို ၂ ရက်အတွင်း‌ ရောက်မှာပါ၊ အဲဒီအချိန်မှာ နိုင်ငံတကာတပ်တွေဆိုတာ ကျနော်ထင်တာက ခြေအိတ်တောင် စွပ်ချိန်ရဦးမှာ မဟုတ်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်နီးချင်း အင်အားကြီး တရုတ်နှင့်အိန္ဒိယ ရှိနေသောကြောင့် နိုင်ငံတကာတပ်များ ဝင်လာစရာ အကြောင်း မရှိဟု သုံးသပ်မှုများလည်း ရှိနေသည်။

လက်ရှိ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို နိုင်ငံတကာ အဖွဲ့အစည်း အချို့မှ စစ်လက်နက် မဟုတ်သည့် အကူအညီများ ပေးမှုတော့ ရှိကြောင်း သိရသည်။