CNI International News

ခါတွမ်၊ ဇွန်လ ၁၇

ဆိုးရွားသော ဆူဒန်စစ်ပွဲသည် ဇွန်လ ၁၅ ရက်နေ့တွင် သုံးလအတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒါဖာ (Darfur) ဒေသ၌ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် သေဆုံးသူ အရေအတွက်သည် ၂၀၀၀ ကျော် သွားခဲ့ပြီဟု Al Jazeera သတင်းဌာနမှ ဖော်ပြခဲ့သည်။ 

အဗ္ဗဒဲလ် ဖာတတ် အယ်လ်-ဘာဟန် (Abdel Fattah al-Burhan) ဦးဆောင်သော ဆူဒန်စစ်တပ်နှင့် ၎င်း၏ လက်ထောက်ဟောင်း ဖြစ်ခဲ့ဖူးသူ မိုဟာမက် ဟမ်ဒန် ဒတ်ဂလို (Mohamed Hamdan Daglo) ဦးသောသည့် RSF လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဧပြီလ ၁၅ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ 

တိုက်ပွဲများကြောင့် လူ ၂ ဒသမ ၂ သန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ ထိုအထဲမှ ၅၂၈,၀၀၀ ဦးသည် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ပြောသည်။

အဆုံးစွန်ဆုံး ခန့်မှန်းမှုတွင်ပင် စစ်ပွဲသည် ယခုလောက် ကြာမြင့်မည်ဟု မထင်ခဲ့ကြောင်း မြို့တော် ခါတွမ်ရှိ နေအိမ်မှ ထွက်ပြေးလာခဲ့သည့် အရပ်သားတစ်ဦးက ပြောသည်။ 

ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ကြောင်း၊ လက်ရှိတွင် အိမ်ပြန်ရမလား၊ ဘဝသစ် စတင်ရတော့မလားပင် မသိ တော့ကြောင်း ၎င်းက AFP သို့ ရင်ဖွင့်ခဲ့သည်။ 

ဆူဒန်စစ်ပွဲကြောင့် သေဆုံးသူ အရေအတွက်သည် ၂၀၀၀ ကျော်သွားခဲ့ပြီဟု ပဋိပက္ခဖြစ်ပွားရာ နေရာနှင့် အချက် အလက် စုဆောင်းရေး အဖွဲ့တစ်ခုက ထုတ်ပြန်သည်။ 

ဇွန်လ ၉ ရက်နေ့အထိသာ အကျုံးဝင်သည့် အရေအတွက်လည်း ဖြစ်သည်။ 

ဆူဒန်စစ်တပ် ခေါင်းဆောင် အဗ္ဗဒဲလ် ဖာတတ် အယ်လ်-ဘာဟန်ကို တွေ့ရစဉ်

ကာလရှည် ပဋိပက္ခနှင့် ရင်ဆိုင်နေရသော အနောက်ဒါဖာ  (West Darfur) ပြည်နယ်တွင် အုပ်ချုပ်ရေးမှူး ခါမစ် အဗ္ဗဒူလာ အဘတ်ကာ (Khamis Abdullah Abakar) လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

RSF အဖွဲ့နှင့် ပတ်သက်၍ ဆော်ဒီသတင်းဌာန တစ်ခုနှင့် အင်တာဗျူးတွင် ဝေဖန်ပြောဆိုခဲ့ပြီး နာရီပိုင်းအကြာ၌ အသတ်ခံခဲ့ရခြင်းဖြစ်သည်။ 

မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုချက်အရ ထိုလုပ်ကြံမှုသည် အာရပ် လက်နက်ကိုင်များနှင့် RSF တို့၏ လုပ်ရပ် ဖြစ်နိုင်သည်ဟု ကုသလမဂ္ဂကပြောသည်။

ဒါဖာ ရှေ့နေများအဖွဲ့ကလည်း ထိုလုပ်ကြံမှုသည် လူမဆန်သော ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည်ဟု ရှုတ်ချသည်။

အဆိုပါ လုပ်ကြံမှုအတွက် ဆူဒန်စစ်တပ်နှင့် RSF တို့က အပြန်အလှန် အပြစ်တင်မှု ပြုလုပ်ထားကာ ခါမစ်သည် ဒါဖာဒေသအတွင်း လူမျိုးသုဉ်း သတ်ဖြတ်နေမှုများနှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုမှုများအတွက် နုတ်ပိတ် ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆူဒန်အရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။ 

RSF လက်နက်ကိုင်တပ် ခေါင်းဆောင် မိုဟာမက် ဟမ်ဒန် ဒတ်ဂလိုကို တွေ့ရစဉ်

ဒါဖာရှိ အခြေအနေများသည် လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခုအသွင်သို့ ရောက်ရှိနေပြီဟုလည်း ကုသလမဂ္ဂ၏ အကူအညီပေးရေး အရာရှိတစ်ဦးက ပြောသည်။ 

အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ဒါဖာမှ အကြမ်းဖက်မှုများကို ဆိုးရွားသော အချက်ပြမှုများဟု ပြောသည်။

ထို့နောက် ဒါဖာ အကြမ်းဖက်မှုများသည် ပြီးခဲ့သောနှစ် ၂၀ ကျော်၊ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် သွေးထွက်သံယိုမှုများကို ပြန်လည် အမှတ်ရစေသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ပြောသည်။ 

Source: ဘန်ကောက်ပို့စ်