CNI International News

တိုကျို၊ ဇွန်လ ၁၇

ဂျပန်အာဏာပိုင်များသည် အသက်ပြည့်သည်ဟု သတ်မှတ်သော အသက်အရွယ်ကို ၁၃ နှစ်မှ ၁၆ နှစ်သို့ တိုးမြှင့် သတ်မှတ်ခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ဇဝတ်မှုဥပဒေနှင့် ပတ်သက်သည့် အရေးပါသော ပြုပြင်ပြောင်းလဲမှုများကို လွှတ်တော်အမတ်များ က အတည်ပြု ပေးခဲ့ပြီးနောက် ထိုသို့ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

ဥပဒေမူကြမ်းသစ်တွင် အဓမ္မမှု၊ ချောင်းမြောင်း ကြည့်ရှုမှုများအတွက် အရေးယူနိုင်သည့် အခြေအနေများကို ဖော်ပြထားသည်။ အဆိုပါ ဥပဒေမူကြမ်းသစ်ကို အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် အတည်ပြုခဲ့ သည်။ 

ဂျပန်လွှတ်တော်ကိုတွေ့ရစဉ်

အသက်ပြည့်သည်ဟု သတ်မှတ်ထားသော အပိုင်းအခြားအောက်ရှိသူများထံ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို သက်ငယ်မုဒိမ်း သမားများအဖြစ် သတ်မှတ်ထားသည်။

ထိုအသက်အရွယ် အပိုင်းအခြားသည် ဗြိတိန်တွင် ၁၆ နှစ်၊ ပြင်သစ် တွင် ၁၅ နှစ်၊ ဂျာမနီနှင့် တရုတ်တွင် ၁၄ နှစ်ဟု သတ်မှတ်ထားသည်။ 

ထို့ကြောင့် ဂျပန်၏ သတ်မှတ်ချက်ဟောင်း ၁၃ နှစ်သည် ကမ္ဘာ့အနိမ့်ဆုံးများမှ တစ်ခုလည်း ဖြစ်သည်။

ဂျပန်ဥပဒေအရ အသက် ၁၃ နှစ်အထက် ရှိသူများကို အသက်ပြည့်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထိုသတ်မှတ် ချက်ကို ၁၉၀၇ ခုနှစ်ကတည်းက အပြောင်းအလဲ မရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်တွေ့တွင် တချို့သော ဒေသဆိုင်ရာအမိန့် ထုတ်ပြန်ချက်များ၌ ကလေးငယ်များအပေါ် ညစ်ညမ်း ယုတ်မာမှု ပြုလုပ်ခြင်းနှင့် ပတ်သက်သည့် အသက်အရွယ် အပိုင်းအခြားကို ၁၈ နှစ်သို့ တိုးမြှင့်ထားခြင်းလည်း ရှိခဲ့သည်။ 

ဥပဒေသစ်အရ အသက် ၅ နှစ်နှင့် အထက် ကွာဟချက်မရှိသော ဆယ်ကျော်သက် စုံတွဲများတွင် နှစ်ဦးစလုံးသည် အသက် ၁၃ နှစ်ကျော်ဖြစ်ပါက ထိုသူများသည် ကင်းလွတ်ခွင့်ရှိသည်ဟု သတ်မှတ်ထားသည်။ 

ဂျပန်လူငယ်များကိုတွေ့ရစဉ်

ဂျပန်သည် နိုင်ငံ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနှင့် ပတ်သက်သည့် ဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြုပြင်ပြောင်းလဲ ခဲ့သည်။ 

ယခု ပြုပြင်ပြောင်းလဲမှုသည် ရာစုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ပြောင်းလဲမှုဖြစ်ခဲ့သော်လည်း ထိုပြောင်းလဲမှုသည် ရောက်မှုမရှိဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ 

၂၀၁၉ ခုနှစ် အဓမ္မမှုများတွင် တရားသေ လွတ်ပေးမှုများစွာသည် နိုင်ငံတစ်ဝန်း လူထုစုဝေးပွဲများကိုပါ ဖြစ်စေခဲ့ သည်။ 

ဥပဒေဟောင်းအရ အစိုးရရှေ့နေများအနေဖြင့် အဓမ္မကျင့်ခံရသူသည် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတို့ကြောင့် မခုခံနိုင်ခဲ့ပါဟူ၍ သက်သေပြရန် လိုအပ်ခဲ့သည်။ 

ထို့ကြောင့် ထိုဥပဒေသည် ကျူးလွန်ခံရသူများ အနေဖြင့် လုံလောက်စွာ ခုခံမှုမရှိခဲ့ဟု အပြစ်တင်နေခြင်း ဖြစ်သည်ဟုလည်း ဝေဖန်သူများက ထောက်ပြသည်။ 

ဇွန်လ ၁၆ ရက်နေ့က ဥပဒေသစ်တွင် အဓမ္မမှုဟု တရားစွဲဆိုနိုင်သည့် အခြေအနေများနှင့် ဥပမာများကို ဖော်ပြ ထားသည်။ 

ယင်းတွင် ကျူးလွန်ခံရသူသည် အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ လူမှုရေး အခြေအနေများအပေါ် ကျူးလွန်သူက အခွင့်ကောင်းယူခြင်း စသည်တို့ ပါဝင်သည်။ 

ထိုကဲ့သို့ ရှင်းလင်း ဖော်ပြထားခြင်းသည် အဓမ္မမှုများအား အရေးယူရာတွင် ပိုလွယ်ရန် သို့မဟုတ် ပိုခက်ရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ ထိုပြဋ္ဌာန်းမှုများသည် တရားရုံးအမိန့် ချမှတ်မှုများကို ပိုမိုခိုင်မာလာစေရန်သာ ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဂျပန်တရားစီရင်ရေး အရာရှိတစ်ဦးက ပြောခဲ့ဖူးသည်။ 

Source: ဘန်ကောက်ပို့စ်