CNI International News

တီဟီရန်၊ ဇွန်လ ၁၇

အီရန်သမ္မတ အီဗရာဟင် ရိုင်ဆီသည် လက်တင်အမေရိက ခရီးစဉ်အတွင်း အနောက်နိုင်ငံများကို ဆန့်ကျင် အာခံရာမှာ အီရန်နှင့် အယူအဆခြင်း တူညီသည့်  မဟာမိတ်သုံးနိုင်ငံနှင့် သဘောတူညီချက်များ လက်မှတ် ရေးထိုးခဲ့ကြောင်း Al Jazeera သတင်းမှ ဖော်ပြခဲ့သည်။ 

သမ္မတသည် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးဝန်ကြီးများနှင့်အတူ ငါးရက်ကြာ ခရီးစဉ်အဖြစ် ဗင်နီဇွဲလား၊ နီကာရာဂွာနှင့် ကျူးဘားတို့သို့ သွားရောက်ခဲ့ရာ ဇွန်လ ၁၆ ရက်တွင် မြို့တော် တီဟီရန် (Tehran) သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ 

ရိုင်ဆီသည် ခရီးစဉ် တစ်လျှောက်လုံးတွင် အမေရိကန်နိုင်ငံ အပြင် အီရန်နှင့် လက်တင် အမေရိက မဟာမိတ်များ ပေါ်သို့ ချမှတ်ထားသည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေး ယူမှုများကိုလည်း ဝေဖန်ခဲ့သည်။ 

အီရန်နှင့် ဗင်နီဇွဲလား နိုင်ငံတို့အကြား ဆက်ဆံရေးများမှာ သာမာန်မဟုတ်ကြောင်း၊ ယင်းတို့သည် မဟာဗျူဟာ အရ အရေးပါကြောင်း ရိုင်ဆီက ကာရာကတ်စ် (Caracas) မြို့တွင် ပြောခဲ့သည်။ 

ရိုင်ဆီနဲ့ မာဒူရိုကို တွေ့ရစဉ်

ရိုင်ဆီကို ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရို (Nicolas Maduro) က နွေးထွေးစွာ ကြိုဆိုခဲ့သည်။ 

အီရန်နှင့် ဗင်နီဇွဲလားတို့သည် ၎င်းတို့ကို လွတ်လပ်စွာ မနေစေလိုသည့် တူညီသော ရန်သူကို ပိုင်ဆိုင်ထားသည် ဟု ရိုင်ဆီက ပြောသည်။ 

အမေရိကန်အား ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။ နှစ်နိုင်ငံသည် သဘော တူညီချက် နှစ်ဒါဇင်ကျော်ကိုလည်း လက်မှတ် ရေးထိုးခဲ့သည်။ 

အီရန်နှင့် ဗင်နီဇွဲလားတို့သည် ပြီးခဲ့သည့်နှစ် မာဒူရို၏ အီရန်ခရီးစဉ်တွင် နှစ် ၂၀ ကြာ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းကို လက်မှတ် ရေးထိုးခဲ့သည်။ 

ထို့နောက် သဘောတူ ညီချက်သစ်များသည် ထိုစီမံကိန်းအား ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ရန် ဖြစ်သည်ဟု သမ္မတနှစ်ဦးက ပြောသည်။

လုပ်ကြံခံခဲ့ရသော အီရန် ဗိုလ်ချုပ်ကြီး ကာဆင်ဆူလေမာနီ (Qassem Sole imani) ၏ ကိုယ်တစ်ပိုင်း ပုံတူအား ဆိုင်မွန် ဘိုလီဗာ (Simon Bolivar)၏ အုတ်ဂူတွင် ပြသသွားလိုသည်ဟုလည် မာဒူရိုက ပြောသည်။ 

 ရိုင်ဆီနဲ့ မာဒူရိုကို တွေ့ရစဉ်

ဆူလေမာနီသည် အမေရိကန်တို့၏ ဒရုန်ုးတိုက်ခိုက်မှုကြောင့် အီရတ်တွင် သေဆုံးခဲ့သူဖြစ်ကာ ဘိုလီဗာသည် လက်တင်အမေရိကအား စပိန်ကိုလိုနီအဖြစ်မှ လွတ်မြောက်ရန် ဦးဆောင်ခဲ့သူ ဖြစ်သည်။ 

ရိုင်ဆီသည် နီကာရာဂွာတွင်လည်း ဆူလေမာနီအား ချီးမြှောက်ခြင်းနှင့် အမေရိကန်အား ဝေဖန်ခြင်း တို့ကို ဆက်လက် ပြုလုပ်ခဲ့သည်။

ထို့နောက် ရိုင်ဆီသည် သမ္မတ ဒယ်နီယယ် အော်တေဂါ (Daniel Ortega) နှင့် တွေ့ဆုံမှုတွင် ခေါင်းဆောင် နှစ်ဦးသည် ဗိုလ်ချုပ်ကြီးအတွက် တစ်မိနစ်ကြာ ငြိမ်သက်မှု ပြုလုပ်ခဲ့သည်။ 

ရိုင်ဆီသည် အီရန်နှင့် လက်တင်အမေရိက မဟာမိတ်နိုင်ငံထံ ချမှတ်ထားသော  အမေရိကန်၏ ပိတ်ဆို့အရေးယူမှု များကို ဝေဖန်ခဲ့သည်။ 

သမ္မတနှစ်ဦးသည် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် ကျန်းမာရေးကဏ္ဍတို့ ပါဝင်သော သဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့သည်ဟုလည်း အီရန်မီဒီယာများတွင် ဖော်ပြသည်။

Source:  Aljazeera