CNI International News

တီဟီရန်၊ မေလ ၂၈

ဂရိကမ်းရိုးတန်းရှိ ရေနံတင် သင်္ဘောတစ်စင်းထံမှ အီရန်ရေနံများကို အမေရိကန် သိမ်းယူခြင်းနှင့် ပတ်သက်၍ ဂရိအပေါ် အီရန်က အရေးယူမည်ဟု သတိပေးခဲ့ပြီးနောက် မေလ ၂၆ ရက်၌ ပင်လယ်ကွေ့အတွင်း အီရန်တပ်ဖွဲ့ဝင်များသည် ဂရိရေနံ တင် သင်္ဘောနှစ်စင်းကို ဖမ်းဆီးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

“ပင်လယ်ကွေ့ ရေပြင်ပေါ်မှာ ချိုးဖောက်မှုတွေရှိနေတဲ့ ဂရိရေနံတင် သင်္ဘောနှစ်စင်းကို တော်လှန်ရေး အစောင့်ရေတပ်က ဒီကနေ့ ဖမ်းဆီးခဲ့ပါတယ်” ဟု အစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် အီရန်အစိုးရသတင်းဌာန IRNA က ထုတ် လွှင့်ခဲ့သည်။

အသေးစိတ် အချက်အလက်များကို အဆိုပါသတင်းတွင် မတွေ့ရသလို မည်သည့် ချိုးဖောက်မှု ကျူးလွန်ကြောင်းလည်း ရှင်းရှင်းလင်းလင်း မဖော်ပြထားပေ။

အီရန်ရေတပ်မှ ရဟတ်ယာဉ် တစ်စင်းသည် နိုင်ငံတကာ ရေပိုင်နက်အတွင်း ခုတ်မောင်းနေသော ဒယ်လ်တာပိုစီဒွန် (Delta Poseidon) သင်္ဘောပေါ်သို့ ဆင်းသက်ခဲ့ပြီး သင်္ဘောသားနှစ်ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း ဂရိနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဂရိအလံ လွှင့်ထူထားသော အခြားသင်္ဘော နှစ်စင်းတွင်လည်း အလားတူ ဖြစ်ရပ်မျိုးရှိခဲ့ကြောင်း ဂရိဘက်မှ ပြောကြားသော် လည်း သင်္ဘောအမည်ကို ထုတ်ဖော်ခြင်း မရှိပေ။ အီရန်၏ အဆိုပါ လုပ်ရပ်နှစ်ခုစလုံးသည် နိုင်ငံတကာဥပဒေကို ချိုးဖောက် ခြင်းဖြစ်ကြောင်း ဂရိက ၎င်း၏မဟာမိတ်များထံသို့ အကြောင်းကြားခဲ့ပြီး အေသင်မြို့ရှိ အီရန်သံအမတ်ကိုလည်း ဆင့်ခေါ် သတိပေးခဲ့သည်။

အီရန်ရေတပ်(GETTY IMAGES)

ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့ အရေးယူများကြောင့် အီဗီယာ (Evia) ကျွန်း၏ တောင်ပိုင်း ကမ်ရိုးတန်းအနီးတွင် ရုရှား သင်္ဘောသား ၁၉ ဦး လိုက်ပါလာသည့် အီရန်အလံ လွှင့်ထူထားသော ပီဂတ် (Pegas) သင်္ဘောကို ဂရိ အာဏာပိုင်များက ယခင်လအတွင်း ဖမ်းဆီးခဲ့ဖူးသည်။

ထိုသင်္ဘောပေါ်မှ အီရန်ရေနံများကို သိမ်းဆည်းသွားခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်က အခြားသင်္ဘောတစ်စင်းဖြင့် အမေရိကန်နိုင်ငံထဲသို့ ပို့ရန် စီစဉ်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ပီဂတ်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ရေနံ အသိမ်းခံရခြင်းကြောင့် တင်းမာမှုများ တိုးလာခဲ့သလို အခြားတဖက်တွင်လည်း အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်က အမေရိကန် ကျောခိုင်းခဲ့သော နျူကလီးယား သဘောတူညီချက်ကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းလာခဲ့သည်။

ထိုကဲ့သို့ ဂရိအစိုးရက အီရန်ရေနံများကို အမေရိကန်များထံ လွှဲပြောင်း ပေးလိုက်ပြီးနောက် ဂရိအား အီရန်က အရေးယူ ဒဏ် ခတ်ရန် ဆုံးဖြတ်လိုက်ပြီဟု အီရန်အစိုးရ လုံခြုံရေးအဖွဲ့တစ်ခုနှင့် ချိတ်ဆက်ထားသည့် Nour News မီဒီယာက မေလ ၂၇ ရက် အစောပိုင်း၌ သတင်းထုတ်လွှင့်ခဲ့သည်။
သို့ရာတွင် အီရန်က ဂရိကို မည်သို့ အရေးယူမည်ကိုမူ အသေးစိတ် မပြောကြားခဲ့ပေ။

ပီဂတ်သင်္ဘောသည် ယူကရိန်းသို့ ရုရှားမကျူးကျော်မီ နှစ်ရက်အလို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဝါရှင်တန်က ရုရှားအပေါ် ပစ်မှတ်ထား ပိတ်ဆို့ရန် ရည်ရွယ်ထားသော သင်္ဘော ၅ စင်းထဲ၌ တစ်စင်း အပါအဝင် ဖြစ်သည်။

ဝါရှင်တန်သည် ရုရှား၏ ကာကွယ်ရေးကဏ္ဍအတွက် အရေးပါသည်ဟု သတ်မှတ်သည့် ပရွန်ဆက်ဗယက်ဇ်ဘဏ် (Promsvyaz Bank) ကိုလည်း ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့သည်။

ယခုအခါ အီရန်နှင့် ရုရှားတို့သည် အမေရိကန်၏ သီးခြား ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရသည်။

Source: Reuters