CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)နှင့် ရဲတပ်ဖွဲ့တို့ မေလ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဌာနဆိုင်ရာများ ပါသည့် ရဲတပ်ဖွဲ့သည် ချင်းတွင်းမြစ်ဘေးက လောင်းမင်းကျေးရွာ အနားရှိ ရွှေမျှောကို မီးရှို့ပြီး ရွှေပြည်အေး မြို့သို့ အပြန် တွေ့ဆုံစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက “တိုက်ပွဲဖြစ်တာတော့ မှန်တယ်၊ ထွေအုပ်ရုံးကို ဝင်ပစ်တာမျိုးတော့ မဟုတ်ဘူးဗျ၊ သွားရင်းလာ ရင်းနဲ့ ထိတွေ့မှု ဖြစ်သွားတဲ့ သဘောမျိုးပဲ ရှိတာပါ၊ ထိခိုက်ကျဆုံးမှု ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးဗျ၊ ပြော ရလို့ရှိရင် အဲဒါက အချက်အလက်အရ ကျနော်စုံစမ်းကြည့်လိုက်တဲ့ အခါကြတော့ ဌာနဆိုင်ရာကနေ ရဲလုံခြုံရေးနဲ့ လာတာတဲ့ ရဲတွေကလည်း အရပ်ဝတ်တွေပဲတဲ့၊ လာတဲ့အခါကြတော့ သူတို့ဟာ သူတို့ အခွန်ကိစ္စနဲ့ ရောက်လာတာလား၊ ဘယ်လိုကိစ္စနဲ့ ရောက်လာတာလဲ မသိပါဘူးလေ၊ ကျနော်တို့ဘက်က SNA ရဲဘော်တွေကလည်း သွားရင်းနဲ့ အဲဒီနယ်မြေ ထိန်းသိမ်း စောင့်ရှောက်ရင်းနဲ့ လှုပ်ရှားနေတဲ့ အခါကြတော့ သူတို့နဲ့ သွားတွေ့တာ သွားတွေ့ပြီးတော့ ရဲတွေက အဲဒီအခါကြတော့ သေနတ်နဲ့ ထုတ်ပြီး ပစ်တယ်တဲ့၊ ပစ်တဲ့အခါကြတော့ ကိုယ့်ဖက်ကလည်းပဲ ဒါလက်နက်ကိုင်တွေပဲ ဆိုပြီးတော့ ပြန်ပစ်ကြတယ်လို့ ပြောတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်ကြတာပေါ့နော်၊ ပထမတော့ ဘယ်သူဘယ်ဝါမှန်းလဲ မသိကြဘူး၊ ကျနော်တို့ဖက်ကလည်း ကိုယ့်နယ်မြေ လုံခြုံရေးအတွက် အဲဒီဖက်မှာ သွားလာလှုပ်ရှားနေတဲ့ အဖွဲ့တွေ ရှိတဲ့အခါကြတော့လေ သမာရိုးကျ သွားလာနေကြရင်းနဲ့ အဲဒီမှာ တွေ့ကြရင်းနဲ့ ပစ်တယ်လို့ ပြောတယ်၊ ပစ်ခတ်မှု ဖြစ်သွားတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ဟုမ္မလင်းမြို့ကိုတွေ့ရစဉ်

အဆိုပါ တိုက်ပွဲတွင် ရဲတစ်ယောက်နှင့် ရဲသတင်းပေးတစ်ယောက် သေဆုံးခဲ့၍ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦး၏ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

SNA လှုပ်ရှားရာ နယ်မြေတွင် အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်လာ၍ တိုက်ပွဲ ဖြစ်ပွားခြင်းဟု သိရကြောင်း ရွှေပြည်အေး မြို့ခံ တစ်ဦးဖြစ်သူ စိုင်းခမ်း (အမည်လွှဲ) က CNI သတင်းဌာနသို့ ပြောသည်။

စိုင်းခမ်း(အမည်လွှဲ)က “သူက မျှောတွေ၊ ဘာတွေ မီးရှို့ခဲ့တယ်ဆိုလား၊ အဲဒါနဲ့ ဖြစ်တယ်လို့ ပြောတယ်နော်၊ လောင်းမင်း (ကျေးရွာ)မှာ ဆိုလား နောင်ဆန်းကျင်(ကျေးရွာ)နားမှာဆိုလား အဲဒါ မီးရှို့ခဲ့တာတဲ့ အဲဒါနဲ့ သူတို့ကို အကြောင်းမကြားလို့ ဒါမျိုးလုပ်ခဲ့တယ်၊ ဒီမှာ ဝင်တာလဲ အကြောင်းမကြားလို့ ဝင်ခဲ့တယ် ဆိုလို့ ဒါမျိုးပြောတယ်၊ ပြောလို့ အဲဒါနဲ့ သူတို့ သွားလိုက် တော့ ရဲအရင်ပစ်တယ်လို့ ပြောတယ်၊ ရဲအရင်ပစ်လို့ မင်းတို့ အညံ့ခံလို့ ပြောတော့ အညံ့မခံပဲနဲ့ သူတို့ အရင်ပစ်လို့ သူတို့ ပစ်ရတယ်လို့ ပြောတယ်ဗျ” ဟု ပြောသည်။

SNA အနေဖြင့် မည်သည့် အဖွဲ့အစည်းနှင့်မျှ ပြဿနာ မတက်လိုကြောင်း၊ တိုက်ပွဲဖြစ်ပွားပါက လူထု နစ်နာမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်းရေးအတွက် ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။

ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက “ပြောရရင်တော့ ကျနော်တို့ကလည်းပဲ ကိုယ့်နယ်မြေဒေသ တည်ငြိမ်အေးချမ်းအောင် ထိန်း သိမ်း ဆောင်ရွက်နေတဲ့ ကာလဖြစ်တယ်၊ အဲဒီတော့ သူတို့ အနေနဲ့လည်းပဲ အဲဒီအပေါ်မှာ နားလည်မှု ရှိဖို့တော့ လိုတာပေါ့ဗျာ ဌာနဆိုင်ရာတွေ အနေနဲ့ ရဲပဲ ဖြစ်ဖြစ်၊ တပ်ပဲ ဖြစ်ဖြစ် နားလည်မှုရှိရှိလေးနဲ့ လုပ်ကိုင်ဆောင်ရွက်ကြရင်တော့ ကောင်းတာပေါ့၊ ဒါမှမဟုတ်လို့ ရှိရင်လည်းပဲ သွားရင်းလာရင်းနဲ့ ထိတ်တိုက် ရင်ဆိုင်တွေ့ရင်တော့ ပစ်ကြခတ်ကြမှာပါ၊ ဒါကတော့ လက်နက် ကိုင် ထားတဲ့ လူတွေရဲ့ သဘာဝပဲလေ၊ ကျနော့် အနေနဲ့တော့ ထွေထွေထူးထူး မှတ်ချက်တော့ မပြုလိုပါဘူး” ဟု CNI သတင်း ဌာနသို့ ပြောသည်။

 

ရွှေမျှောလုပ်ကွက်တစ်ခုကိုတွေ့ရစဉ်

SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်တို့ တွင် လှုပ်ရှားလျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။