CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈

ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် ရောက်ရှိလုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများထဲတွင် သက်တမ်း ၆ နှစ်ပြည့် သူများသည် ထိုင်းမှ အလုပ်လုပ်ကိုင်ခွင့်(work permit) နှင့် ဗီဇာမထုတ်ပေးခြင်းကို ကြုံတွေ့နေရကြောင်း ထိုင်းရှိ မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့‌ ပြောသည်။

ယခုကဲ့သို့ MOU သက်တမ်း ၆ နှစ်ပြည့်သူများအား အလုပ်လုပ်ကိုင်ခွင့်နှင့် ဗီဇာသက်တမ်းမတိုးပေးခြင်း၊ မထုတ် ပေးခြင်းသည် အခြားအကြောင်းအရာများကြောင့် မဖြစ်နိုင်ဘဲ MOU နည်းလမ်းအရ ပြန်လည်လုပ်ဆောင်ရန် အတွက်သာ ဖြစ်နိုင်ကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

MWRN မှ အကြံပေး ဦးအောင်ကျော်က “အလုပ်သမားအများစုကတော့ သူတို့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေကနေ ဦးဆောင်ပြီး သွားလုပ်တာ လုံးဝမရတော့ဘူးဆိုတာပြောတယ်။ အဲဒီလိုမထုတ်ပေးတော့ လုပ်ငန်းရှင်အပေါ်မှာပဲ မူတည်တယ်။

သူ့အလုပ်သမားက သူ့ရဲ့လုပ်ငန်းခွင်ကြီးကို ဖွံ့ဖြိုးတိုးတက်အောင် နေ့စဉ် အလုပ်လုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်က မည်သို့ မည်ပုံ ဒီလုပ်သားတွေကို ဆက်လက်ပြီး တရားဝင်ရအောင် ဖန်တီးရမလဲဆိုတာ လုပ်ငန်းရှင်အပေါ်မှာပဲ မူတည်တယ်။ အဲဒီတော့ ကျနော်က ဘာကို သွားတွေးမိလိုက်လဲ ဆိုတော့ မူလ ဥပဒေမှာလည်း ရှိတယ်။ ကျနော်တို့ MOU လုပ်သားတွေက မြန်မာပြည်ကနေ စာချုပ်ချုပ်လာတဲ့ အခါမှာ ပထမတစ်ကြိမ် သက်တမ်း ၂ နှစ် ရတယ်။ သက်တမ်း ၂ နှစ် ရပြီးရင် နောက်ထပ် extension ၂ နှစ် တိုးရတယ်။ သူ့ရဲ့ MOU ဥပဒေ မူဝါဒအရ ၄ နှစ် ပြည့်ပြီးရင် မိခင်တိုင်းပြည်ကို ပြန်ပြီး နောက်တစ်ကြိမ် စာချုပ်ချုပ်ပြီး ပြန်တက်ရတာ။ အဲဒါတွေကို ၂၀၁၉ ဒီဇင်ဘာမှာ ပေါ်ပေါက်လာတဲ့ Covid19 ဖြစ်လာတဲ့အခါမှာ ဖြေလျှော့ဥပဒေနဲ့ ၄ နှစ်ပြည့်ရင်လည်း ဆက်ပြီး နေခွင့်ပြုပါတယ်ဆိုပြီး နေရင်းနေရင်းနဲ့ အခုက တချို့လူတွေက ၅ နှစ်ကျော် ၆ နှစ် ဆိုတာတွေ ဖြစ်ကုန်တာ။ အခုက ရောဂါတွေကလည်း လုံးဝကင်းစင်သလောက် ဖြစ်နေပြီ ဖြစ်တဲ့အတွက် မူလဥပဒေအတိုင်း ပြန်လည်အသက်ရှင်မယ်လို့ပဲ သူတို့ သုံးသပ်တာပဲဖြစ်မှာပါ။ ဒါကြောင့် ဒီမှာ သက်တမ်း မတိုးပေးတော့ဘူးဆိုတဲ့ အသံတွေလည်း စက်ရုံ တော်တော်များများမှာ ပြောနေတာတော့ ကြားပါ တယ်” ဟု ပြောသည်။


ထိုင်းအစိုးရအနေနှင့် MOU သက်တမ်း ၆ နှစ်ပြည့်သူများအား အလုပ်လုပ်ကိုင်ခွင့်(work permit)နှင့် ဗီဇာ မထုတ်ပေးရန် တရားဝင်ထုတ်ပြန်ထားခြင်း မရှိသော်လည်း ပတ်စပို့စာအုပ်သက်တမ်းကုန်၍ အသစ်ပြုလုပ် ပြီးသည့် MOU သက်တမ်း ၆ နှစ်ပြည့်သူ အများအပြားတွင် ယခုကဲ့သို့ ကြုံတွေ့နေကြခြင်းဖြစ်ကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

MOU သက်တမ်း ၆ နှစ်ပြည့်သူများသည် မိမိတို့ လုပ်လက်စစက်ရုံ၊ အလုပ်ရုံတွင်သာ ဆက်လက်လုပ်ကိုင်ပါက စာချုပ်အသစ်ချုပ်ဆိုမှု လုပ်ဆောင်ရန်လိုအပ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနယ်စပ်သို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများ(ဓါတ်ပုံ-ရိုက်တာ)



သို့သော် ၆ နှစ်ပြည့်ပြီး စာချုပ်အသစ် ထပ်မံမချုပ်ဆိုထားခြင်းနှင့် အခြားလုပ်ငန်းခွင် မပြောင်းထားပါက ယခုကဲ့သို့ အလုပ်လုပ်ကိုင်ခွင့်(work permit)နှင့် ဗီဇာမထုတ်ပေးခြင်း၊ သက်တမ်းတိုးမပေးခြင်း စသည့် ပြဿနာနှင့် ကြုံတွေ့ရကြောင်း ၎င်းက ပြောသည်။

“အရင်တုန်းက သူက တိုးပေးတယ်ဆိုတာက ကိုဗစ်ကြောင့် အစရှိသဖြင့် ဖြေလျှော့ပြီး တိုးပေးနေတာ။ ၆ နှစ် ပြည့်တဲ့လူတွေအနေနဲ့ သူတို့အနေနဲ့ အကောင်းဆုံးက အလုပ်အတွက် သက်တမ်းတိုးထားပြီးသားလား အဲဒီအပေါ် လည်း မူတည်တယ်။ တကယ်လို့ အလုပ်အတွက် သက်တမ်းမတိုးထားသေးဘူးဆိုရင်တော့ နောက်ဆုံးဟာက တော့ အခု လူသစ်စာရင်းသွင်းတဲ့ဟာကလည်း သက်တမ်းက ကာလကုန်သွားပြီ။ ကုန်သွားပြီ ဆိုပေမယ့် တချို့ ပွဲစားတွေကတော့ အဲဒီလိုလုပ်ပေးနေတုန်းပဲ ပိုက်ဆံတော့ ကုန်ကျတာပေါ့နော်။ တကယ်လို့ ကိုယ်က မပြန် ဖြစ်ဘူးဆိုရင်တော့ အတတ်နိုင်ဆုံး တရားဝင် အထောက်အထားတစ်ခုခု ရအောင်လို့ လုပ်ပြီးတော့ နေတာ ကတော့ အဆင်ပြေမယ်ထင်တယ်။ မဟုတ်ရင် ခုနကလို အရေးယူ ဖမ်းဆီး စစ်ဆေးတာ တွေ့ရှိတယ်ဆိုရင် ဥပဒေအတိုင်းအရေးယူခံရမှာစိုးလို့။ ထိုင်းနဲ့ မြန်မာနဲ့မှာတော့ နှစ်ခြမ်းပေါ့နော်။ ထိုင်းကတော့ သူ့ရဲ့ဥပဒေအတိုင်း လုပ်တာကတော့ လုပ်မှာပဲပေါ့။ ဥပမာသူ့ရဲ့ သတ်မှတ်ထားတဲ့ work permit တို့ ဗီဇာတို့မရှိဘူးဆိုရင် သူ့ရဲ့ ဥပဒေ အတိုင်းပဲ အရေးယူဆောင်ရွက်တာ မျိုးရှိမယ်။ အခု ဗီဇာသက်တမ်းကုန်နေတာတို့ လက်ရှိမှာဆိုရင် တချို့တွေက ဗီဇာသက်တမ်းကုန်ပြီး work permit တွေ ရှိနေသေးလို့ နေလို့ရတဲ့ဟာတွေ ရှိလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုမှ မဟုတ်ဘဲနဲ့ ဗီဇာလည်းမရှိ။ work permit ရော သက်တမ်းကုန်နေတဲ့သူတွေကတော့ စစ်ဆေးတွေ့ရှိတယ်ဆိုရင် ဒါ အဖမ်းခံရမယ်။ အဖမ်းခံရပြီး နေရပ်ကို ပြန်ပို့မှာပဲ။ အခုရက်ပိုင်းမှာလည်း အော်ပရေးရှင်းတွေက လုပ်နေတာ များတယ်။ အထူးသဖြင့် လ.ဝ.က အနေနဲ့က နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ ငွေကြေး လိမ်လည်တဲ့ ဂိုဏ်းကိစ္စတွေ၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ စစ်ဆင်ရေးလုပ်နေတာဆိုတော့ အဖမ်းအဆီး တွေကတော့ ရှိနေတာပဲ” ဟု ဦးမင်းဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် MOU အလုပ်သမား အများအပြားရှိသဖြင့် ယခုကဲ့သို့ ၆ နှစ် ပြည့်သူများအား နေရပ်ပြန်ပို့ရန်မှာ မဖြစ်နိုင်သည့်အပြင် မလွယ်ကူလှကြောင်း ထိုင်းရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

လက်ရှိတွင် MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရာတွင်လည်း လူဦးရေအများအပြား မစေလွှတ်နိုင်သေးသလို လမ်းခရီးပိုင်းတွင်လည်း အဆင်မပြေမှုများကြောင့် ကြန့်ကြာမှုများလည်း ကြုံတွေ့နေခြင်း ဖြစ်သည်။

ထို့ကြောင့် MOU သက်တမ်း ၆ နှစ်ပြည့်သူများအား နေရပ်ပြန်ပို့ပြီး ထိုင်းသို့ တရားဝင် ပြန်ခေါ်ယူရန်အတွက်မှာ လုပ်ငန်းပိုင်းအရ အချိန်ကြန့်ကြာမှု အများအပြားရှိနိုင်သည်ဟု ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက် နေသူများက သုံးသပ်သည်။

ထို့ကြောင့် ထိုင်းအလုပ်ရှင်များမှ MOU သက်တမ်း ၆ နှစ်ပြည့်သူများနှင့်ပတ်သက်၍ တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် တစ်စုံတစ်ရာ ထုတ်ပေးရန် ထိုင်းအစိုးရထံ တောင်းဆိုသင့်ကြောင်း ထိုင်းရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။