CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂

ထိုင်း - မြန်မာနယ်စပ်တွင် ရှိနေသော “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ တပ်စခန်း ၅ ခု ဆုတ်ခွာပေးရန် ထိုင်းဘက်က တောင်းဆိုခဲ့သော်လည်း နှစ်ဖက်စစ်ရေး ဖြစ်လာစရာမရှိဘူးဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက တာချီလိတ်မြို့မှာ ကျင်းပခဲ့သည့် မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် အစည်း အဝေးမှာ ထိုင်းဘက်က မြန်မာအာဏာပိုင်များထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ တောင်းဆိုချက်ကို UWSA ဘက်ကလည်း လက်ခံမှာ မဟုတ်ကြောင်း ပြောကြားထားသည်။

UWSA စခန်း တည်နေရာများမှာ မြန်မာအစိုးရနှင့် သဘောတူညီမှုယူ၍ နေရာချထားသည့်အတွက် ထိုင်းက တောင်းဆို၍ ရမည်မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အစဉ်အလာအရ ပြောရလို့ရှိရင် ထိုင်းနိုင်ငံဘက်က ‌တောင်းဆိုခွင့် မရှိပါဘူး။ ဒီစစ်တပ်ဖက် စကစ ဘက် ကလည်း အဲဒီလို တောင်းဆိုလည်း ရမှာမဟုတ်ပါဘူး။ သူက အဲဒီနေရာတွေကို အရင်တုန်းက ခွန်ဆာရဲ့ ဘိန်းချက် စခန်းနဲ့ ဘိန်းအရောင်းအဝယ်လုပ်တဲ့ နေရာတွေ ရွှေတြိဂံရဲ့ အသည်းနှလုံးပေါ့ဗျာ၊ အဲဒီနေရာတွေကို တပ်မတော်နဲ့ ပေါင်းပြီးတော့ စစ်ဆင်ရေး လုပ်ခဲ့တယ်၊ တပ်မတော်နဲ့ ပေါင်းလုပ်ခဲ့တဲ့အတွက် ဗိုလ်ခင်ညွန့်တို့က UWSA ကို အဲဒီ ဒေသလွှဲပေး၊ ဒါကြောင့် အဲဒီနေရာတွေက ကျနော်တို့ UWSA က အုပ်စိုးပြီးတော့ ဘိန်းစိုက်ပျိုးရေးတွေ၊ ဘိန်းချက် စခန်းတွေ အကြီးအကျယ် လုပ်နေခဲ့တာ၊ ထိုင်းပိုင်နက်လည်း မဟုတ်ဘဲနဲ့ မြန်မာပိုက်နက်ထဲမှာ ရှိနေတဲ့ဟာကို နောက်ပြီးတော့ မြန်မာအစိုးရက သဘောတူပြီးတော့ နေရာချထားပေးတဲ့ ကိစ္စကို ထိုင်းကတောင်းဆိုလို့ မရဘူး ထင်ပါတယ်။ ဒီကိစ္စကနေ စစ်ရေးအရ ပဋိပက္ခတွေ ဖြစ်လာနိုင်စရာ အနေအထားလည်း မရှိပါဘူး။ ဒါကတော့ ကျနော့်အမြင် ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ တတိယက မြန်မာ-ထိုင်း ဆွေးနွေးပွဲကိုတွေ့ရစဉ်

UWSA စခန်း ၅ ခု ဆုတ်ခွာခိုင်းမှုနှင့် တိုက်ပွဲ ဖြစ်လာစရာ မရှိကြောင်း၊ UWSA ၏ အနောက်မှာ တရုတ်ရှိနေ ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ စစ်ကောင်စီဘက်က အမြဲတမ်း သွေးတိုးစမ်းတယ်ဗျ၊ ဆုတ်ပေးဖို့၊ အင်အား မရှိရင်တော့ သူတို့ တိုက်တာပေါ့၊ “ဝ”ကတော့ သိတဲ့အတိုင်းပဲလေ၊ သူ့အင်အားနဲ့သူ ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ လွတ်မြောက်နယ်မြေ တစ်ခုဖြစ်နေပြီ။ အဲဒီလိုသွားပြီးတော့ အမိန့်ပေးပြီးတော့ သူတို့က လက်မခံဘူး။ အဲဒီလို လက်မခံလို့ သူတို့ဘက်က တိုက်မယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ “ဝ”ကို သူတို့က စစ်ရေးအရ မယှဉ်ပြိုင်နိုင်သူတို့က မယှဉ်ပြိုင်လိုတဲ့ ဆန္ဒတွေရှိတာပေါ့နော်၊ ယှဉ်ပြိုင်ရင်လည်းပဲ သူ့အနေနဲ့ တော်တော့ကို တာဝန်တစ်ခု ကြီးကျယ်သွားမယ်၊ နောက်ပြီးတော့ တရုတ်နဲ့လည်း ထိပ်တိုက်တွေ့ကောင်း တွေ့နိုင်တယ်၊ အဲဒီလို “ဝ”ကို သူမတိုက်တာလည်း ဖြစ်တာပေါ့၊ အဲဒီအချိန်မှာ စခန်း ၅ ခုလောက်နဲ့ သူသွားပြီး တိုက်မယ်ဆိုတာတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်” ဟု ပြောသည်။

မိမိတို့၏ တပ်စခန်းများမှာ မြန်မာနယ်နိမိတ်အတွင်းမှာသာ တည်ရှိနေကြောင်း၊ ထိုင်းအနေဖြင့် ဖိအားပေးစရာ မလိုသလို တပ်မတော်ဘက်ကလည်း တောင်းဆိုစရာမရှိကြောင်း UWSA ၏ တောင်ပိုင်းဆက်ဆံရေးရုံး တာဝန်ခံ က ပြောကြားထားသည်ဟု Wa Channel တွင် ဖော်ပြထားသည်။ 

နိုင်ငံတစ်ခုနှင့် တစ်ခုအကြား နယ်စပ်ပြဿနာများ ရှိနေမှာဖြစ်ကြောင်း၊ အဆိုပါ ပြဿနာများကို ဖြေရှင်းရန် လည်း ခက်ခဲကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုကို တွေ့ရစဉ်

၎င်းက “နယ်နိမိတ်ပြဿနာကိုက ကျနော်တို့နဲ့ ထိုင်းနဲ့ကြားထဲမှာ အပီအပြင် ရှင်းမရမှာကိုက ရှိတဲ့အခါကြတော့ သူက နယ်နိမိတ်မျဉ်းပေါ်မှာ လာနေပါတယ်တို့ ဘာတို့ဆိုတာက ပြောဖို့ခက်နေတယ်၊ တချို့ကကြတော့ နယ်နိမိတ်မျဉ်းပေါ် ဟုတ်ချင်မှ ဟုတ်မယ်၊ နယ်နိမိတ် ရေဝင်ကျောရဲ့ ဟိုဖက်ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့နော်၊ ရေဝင်ကျော ကုန်းတန်းရဲ့ ဒီဖက်ဖြစ်ချင်ဖြစ်နေမယ်၊ နယ်နိမိတ်ကို ခွပြီးတော့ ထိုင်းမြေထဲ သူကတော့ ယူထားပုံ မပေါ်ဘူး။ တချို့ နှစ်နိုင်ငံ တပ်စခန်းတွေတောင်မှ ဟိုဖက်ဒီဖက် ခြံစည်းရိုးလေးပဲ ခြားတဲ့ ပုံစံမျိုးလေးတွေလည်း ရှိတာကိုး။ “ဝ”ထဲမှာ အဲဒီပြဿနာတွေ အများကြီးရှိနေတယ်၊ “ဝ”ကလည်း တရုတ်ရဲ့ ကျောထောက် နောက်ခံ ဖြစ်နေတယ်၊ ထိုင်းနိုင်ငံကလည်း ဘာပဲပြောပြော အမေရိကန်ရဲ့ ဩဇာလွမ်းမိုးမှုက ရှိနေတဲ့အခါကြတော့ ဒီပြဿနာလေးတွေက ဒါကတော့ ရှိနေမှာ ဖြစ်ပါတယ်၊ ဒါက ရှင်းလို့လည်း မရပါဘူး” ဟု ပြောသည်။

ထိုင်းက နောက်ဆုတ်ခိုင်းသည့် နေရာများမှာ UWSA ၏ အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်းအနေဖြင့် ၁၉၉၁ ခုနှစ် ကတည်းက ရောက်ရှိ ခြေကုတ်ယူထားသော နေရာဖြစ်ကြောင်း၊ တပ်မဟာ ၂၄၈၊ ၅၁၈၊ ၇၇၂၊ ၇၇၅၊ ၇၇၈ တို့ဖြင့် ထိုင်းနယ်စပ်တွင် စခန်းချ နေရာယူထားကြောင်း သိရသည်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ် ပေးထား သည်။