CNI International News

ဘေဂျင်း၊ ဇွန်လ ၂၂

တရုတ်သမ္မတရှီကျင့်ဖျင် (Xi Jinping) အား အာဏာရှင်တစ်ဦးအဖြစ် ခိုင်းနှိုင်းပြောဆိုခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အား တရုတ်ဘက်က ဗုဒ္ဓဟူးနေ့တွင် တုန့်ပြန်ပြောဆိုခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။ 

ထိုသို့ ခိုင်နှိုင်းမှုသည် အဓိပ္ပါယ်မရှိကြောင်း၊ ရန်စမှုပင်ဖြစ်ကြောင်း တရုတ်ဘက်က ပြောသည်။ နှစ်နိုင်ငံအကြား တင်းမာမှုများ လျော့ချရေး နှစ်ဖက်စလုံးက ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ဘိုင်ဒန်၏ ပြောစကားသည် နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စေရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  အန်တိုနီ ဘလင်ကင် (Antony Blinken) ၏ တရုတ်ခရီးစဉ်ပြီးနောက် ရက်ပိုင်းအကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးသည် တရားဝင်ဆက်ဆံရေးကို စတင်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိ နေသည်ဟုလည်း တရုတ်ဘက်က သတ်မှတ်ထားသည်။

ကယ်လီဖိုးနီးယားရှိ ရံပုံငွေပွဲတစ်ခုသို့ တက်ရောက်ခဲ့ရာတွင် ဘိုင်ဒန်က ယခုနှစ်အစပိုင်းတွင် တရုတ် ထောက်လှမ်းရေးဟု ယူဆရသည့် မိုးပျံပူဖောင်းတစ်ခုလမ်းကြောင်းပြောင်းကာ အမေရိကန်လေပိုင်နက်ထဲသို့ ရောက်ရှိလာခြင်းကို ရှီက အလွန်အမင်း ရှက်ရွံ့နေသည်ဟု ပြောသည်။ ယင်းမတိုင်ခင် တနင်္လာနေ့တွင် ဘလင်ကင်က ထိုအကြောင်းအရာကို မေ့ပစ်သင့်ပြီဟု ပြောခဲ့ဖူးသည်။ 

အမေရိကန်လေပိုင်နက်အတွင်းသို့ ရောက်ရှိလာသည့် သံသယရှိဖွယ် တရုတ်သူလျှိုမီးပုံးပျံ(ဓါတ်ပုံ-အေပီ)

ကားနှစ်စီးစာ ထောက်လှမ်းရေးပစ္စည်းများနှင့် မိုးပျံပူဖောင်းအား အမေရိကန်ဘက်က ပစ်ချလိုက်ခြင်းအပေါ် ရှီကျင့်ဖျင်အနေဖြင့် အလွန်အမင်းစိတ်ပျက်ခဲ့ရသည်မှာ ထိုကိစ္စကို ၎င်းသိရှိထားခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ဘိုင်ဒန်က ပြောသည်။ 

ဘာတွေဖြစ်နေသည်လဲ မသိရှိထားခြင်းက အာဏာရှင်များအတွက် အရှက်ကွဲစရာပင်ဖြစ်ကြောင်း၊ ပူဖောင်းသည် လမ်းကြောင်းအမှန်အတိုင်းမသွားဘဲ လမ်းကြောင်းပြောင်းလဲဝင်ရောက်လာခဲ့ကြောင်း ဘိုင်ဒန်က ပြောသည်။ ရှီသည် မော်စီတုန်း (Mao Zedong) နောက်ပိုင်း အင်အားအကြီးဆုံး တရုတ်ခေါင်းဆောင်တစ်ဦးဖြစ်ကာ တရုတ် သည် စီးပွားရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း ဘိုင်ဒန်က ပြောသည်။ 

ဘိုင်ဒန်၏ ပြောစကားသည် အခြေအမြစ်မရှိသောတာဝန်မဲ့မှုဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက တုန့်ပြန်သည်။ အဆိုပါ ပြောစကားနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ မကျေနပ်မှုကို ဖော်ပြရာတွင် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် နောင်နင် (Mao Ning) က ဘိုင်ဒန်၏ ပြောစကားသည် အခြေအနေအမှန်၊ သံရေးတမန်ရေးနည်းလမ်းများနှင့် တရုတ်၏နိုင်ငံရေးဆိုင်ရာ ဂုဏ်သိက္ခာတို့ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ယင်းသည် နိုင်ငံရေးအရ ရန်စမှုဟုလည်း သူမက ယူဆသည်။ မိုးပျံပူဖောင်းကိစ္စနှင့်ပတ်သက်၍ ရှီကမည်မျှ သတိပြုမိခဲ့သလဲဟု မေးမြန်းရာတွင် နောင်က တရုတ်တို့၏ ယခင်က ရှင်းလင်းပြောဆိုခဲ့မှုအတိုင်း ပူဖောင်းသည် အမေရိကန် လေပိုင်နက်အတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ ယင်းသည် မထိန်းချုပ်နိုင်သည့် အခြေအနေများကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။ ဘိုင်ဒန်သည် စကားကို လက်လွတ်စပယ် ပြောဆိုခဲ့သည်ဟုလည်း ရှန်ဟိုင်း၊ ဖူဒန်တက္ကသိုလ် အမေရိကန်လေ့လာရေးစင်တာမှ ဒါရိုက်တာက ပြောသည်။ 

ဘိုင်ဒန်၏ ပြောစကားသည် အပျက်သဘောဆောင်ကာ၊ ပျက်စီးဆုံးရှုံးမှုများကိုဖြစ်စေသည်ဟုလည်း ၎င်းက ပြောသည်။ 

Source:Reuters