CNI International News

ဘန်ကောက်၊ ဇွန်လ ၂၂

အာဆီယံဦးဆောင်သည့် မြန်မာပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်းစဉ်အပေါ် ၎င်း၏ ထောက်ခံမှုနှင့် ပတ်သက်၍ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ရတ် (Pita Limjaroenrat) က ပြောကြားခဲ့သည်ဟု Thai PBS သတင်းတွင် ဖော်ပြထားသည်။ 

ယင်းက ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ခပ်ခွာခွာ နေထိုင်ရေး ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သည်။ 

မြန်မာ့အရေးနှင့်ပတ်သက်၍ ဘက်ပေါင်းစုံပါဝင်သော ကြိုးပမ်းမှုများကို ချမှတ်ရေး၊ အဖြေရှာရေးတို့အတွက် ဝန်ကြီးချုပ်ရုံးတွင် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းသွားမည်ဟုလည်း ပီတာက ကတိပြုသည်။

ပီတာသည် ညွန့်ပေါင်းအစိုးရ တစ်ရပ်ကို ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိရာ ၎င်းက ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက် သွားမည် ဖြစ်သည်။ 

ပီတာသည် ပရာယွတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဒဲ့ထိုးဝေဖန်ခဲ့သူဖြစ်သည်။ ပရာယွတ်အစိုးရသည် နစကဘက်သို့ ယိမ်းလွန်းသည်ဟု ၎င်းက ရှုမြင်ထားသည်။

ထိုင်းဒု၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေး၀န်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်
 

ပရာယွတ် အစိုးရသည် မြန်မာပဋိပက္ခ ဖြေရှင်းရေး အစိတ်အပိုင်း တစ်ခုအဖြစ် ဇွန်လ ၁၉ ရက်နေ့က ဆွေးနွေးပွဲ တစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့သည်။ ထို့နောက် ဝေဖန်မှု တချို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။ 

ထိုအစည်းအဝေးသို့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးကိုပါ ဖိတ်ကြားခဲ့သော်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီး ရှား အပါအဝင် အဖွဲ့ဝင်နိုင်ငံသုံးခုက သပိတ်မှောက်ခဲ့သည်။

ထိုင်းအစိုးရသည် နစကဘက်သို့ ယိမ်းလွန်းနေသည်ဟု ဝေဖန်သူများက စွပ်စွဲထားသော်လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာအရေးသည် ထိုင်းနိုင်ငံသို့ တိုက်ရိုက် သက်ရောက်မှု ရှိသည့်အတွက် ထိုပြဿနာကို ဖြေရှင်းရေး ဆွေးနွေးပွဲများ ကျင်းပခြင်းသည် မဖြစ်မနေ အရေးပါသည်ဟု တုံ့ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အတွင်း ချမှတ်ထားသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်မှီရေး အမြင်ဖြင့် အာဆီယံ၏ မူဘောင်းအတွင်း ပြုလုပ်သော လုပ်ရပ်တိုင်းကို ထောက်ခံ ကြောင်း ထပ်လောင်း ပြောကြားလိုသည်ဟု ပီတာက ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြခဲ့သည့် ကြေညာချက် တစ်ခု၌ ပြောသည်။ 

 ၂၀၂၂ ခုနှစ်က ထိုင်း-အင်ဒို- မြန်မာ နိုင်ငံခြားရေး၀န်ကြီးများ တွေ့ဆုံစဉ် 

Move Forward ပါတီနှင့် ယင်း၏ နိုင်ငံရေး မဟာမိတ်များသည်လည်း မြန်မာပဋိပက္ခ အဖြေရှာရေးတွင် ပါဝင်သည့် အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ပီတာက ပြောသည်။ 

အဆုံးသတ် အဖြေရှာရေးအတွက် ထိတွေ့ဆက်ဆံမှုက မဖြစ်မနေ အရေးပါသည်ဟု အခိုင်အမာ ယုံကြည် ကြောင်း၊ ထိတွေ့ဆက်ဆံမှုဆိုင်ရာ ဗျူဟာတိုင်းသည် အလွှာပေါင်းစုံမှ အားလုံး ပါဝင်ရမည်ဖြစ်ကြောင်း၊ အာဆီ ယံ အဖွဲ့၏ မူဘောင်အတွင်း သဘောတူညီထားသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးအတွက် သင့်တော်သော သက်ရောက်မှု ရှိရမည်ဟုလည်း ပီတာက ပြောသည်။ 

မြန်မာနိုင်ငံမှ လူသားချင်း စာနာမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရေးအတွက် မဟာဗျူဟာတစ်ခု လိုအပ် နေခြင်းကို ပီတာက အလေးအနက်ထား ပြောဆိုခဲ့သလို ခွဲခြားခြင်းမရှိဘဲ အကူအညီများ ပေးပို့နိုင်သည်ကို သေချာစေရေး ဆောင်ရွက်သင့်သည်ဟုလည်း ပြောသည်။ 

Source: Thai PBS