CNI International News

မော်စကို၊ ဇွန်လ ၂၂

မော်စကိုမြို့ အပြင်ဘက်ရှိ ရုရှားစစ်တပ်၏ ဂိုဒေါင်များအနီးသို့ ချဉ်းကပ်လာသော ဒရုန်းသုံးစင်းကို ဇွန်လ ၂၁ ရက်နေ့တွင် ပစ်ချနိုင်ခဲ့သည်ဟု ရုရှားအာဏာပိုင်များက ပြောကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ယင်းက ရုရှားနိုင်ငံတွင်းကို ပစ်မှတ်ထား တိုက်ခိုက်ရန် ယူကရိန်းတို့၏ ကြိုးပမ်းမှုတစ်ခုဟုလည်း ယူဆရသည်။ 

ယူကရိန်းတပ်ဖွဲ့ဝင်များသည် တန်ပြန် ထိုးစစ်ဆင်မှု ပြုလုပ်ခြင်းမှ မအောင်မြင်ခဲ့ပြီးနောက် တပ်ဖွဲ့များကို ပြန်လည် စုစည်းကာ ရုရှားတပ်ဖွဲ့များအား နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ရန်အတွက် အဆင်သင့် ဖြစ်နေနိုင် သည်ဟုလည်း ပူတင်က ထုတ်ပြန်သည်။ 

ဒရုန်းနှစ်စင်းသည် လူကီနို (Lukino) ကျေးရွာအနီးသို့ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ရုရှားမီဒီယာများတွင် ဖော်ပြ သည်။ 

တတိယမြောက် ဒရုန်းတစ်စင်း၏ အပျက်အစီးများကိုလည်း ၁၂ မိုင်အကွာတွင် ထပ်မံတွေ့ရှိခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု တစ်စုံတစ်ရာ ရှိသည်ဟု မသိရသေးပေ။ 

ဒရုန်းသုံးစင်းလုံးကို လျှပ်စစ် jammer များဖြင့် ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ရုရှားကာကွယ်ရေးဌာနက ပြောသည်။

ယူကရိန်းခေါင်းဆောင် မိန့်ခွန်းပြောနေစဉ်

ရုရှားမြေပေါ်သို့ သွားရောက် တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ခံမှုမရှိသော ယူကရိန်းအစိုးရဘက်က ယခု တစ်ကြိမ် ဖြစ်ရပ်နှင့်ပတ်သက်၍လည်း တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိသေးပေ။ 

ယူကရိန်း အာဏာပိုင်များသည် ရုရှား၏ ကျူးကျော်ခြင်းနှင့် ၂၀၂၂ ခုနှစ်၊ ဖော်ဖော်ဝါရီလတွင် စတင်ခဲ့သော စစ်ပွဲတို့ကို တုံ့ပြန်ရန် ၎င်းတို့တွင် တိုက်ခိုက်ခွင့် ရှိသည်ဟု ယခင်တုန်းက ပြောဆိုခဲ့ဖူးသည်။ 

ပြီးခဲ့သည့် လတွင် ရုရှားမြို့တော်၌ ဒရုန်းတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့သည်။ 

ယင်းက ယူကရိန်းတို့၏ ရုရှားသို့ အရဲတင်းဆုံး တိုက်ခိုက်မှု ဖြစ်နိုင်သည်။ ပထမတစ်ခုသည် မေလ ၃ ရက်တွင် ဖြစ်ပွားခဲ့ကာ ကရင်မလင်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုတိုက်ခိုက်မှုတွင် ဒရုန်းများကို ပစ်ချနိုင်ခဲ့ကာ တစ်စုံတစ်ရာ ပျက်စီးမှုမရှိခဲ့ဟု ရုရှားအာဏာပိုင်များက ပြောသည်။

ယူကရိန်းစစ်သားများကိုတွေ့ရစဉ်

ဒုတိယတစ်ခုသည် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကရင်မလင်သို့ တိုက်ခိုက်မှုတွင် ရုရှားသမ္မတ ပူတင်က ရုရှား၏ လေကြောင်း ကာကွယ်ရေး စနစ်များသည် စိတ်ကျေနပ်ဖွယ် စွမ်းဆောင်နိုင်ခဲ့သည်ဟု ချီးကျူး ခဲ့သလို စနစ်အတွင်း လိုအပ်သည်များကို ထပ်မံ ဖြည့်စည်းရန် လိုအပ်နေသေးကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ 

တခြားသော ဒရုန်းများသည်လည်း ရုရှားပိုင်နက်အတွင်းပိုင်းသို့ မကြာခဏ ဆိုသလို ရောက်ရှိလာလေ့ ရှိသည်။ 

ဖေဖော်ဝါရီလ မော်စကိုမြို့နှင့် မိုင် ၆၀ အကွာတွင် UJ-22 ဒရုန်းတစ်စင်း ပျက်ကျခဲ့ပြီးနောက်ပိုင်း ကတည်းက ယူကရိန်း၏ ဒရုန်များသည် ရုရှားမြို့တော်အထိ မကြာခဏဆိုသလို ချဉ်းကပ်နိုင်ခဲ့သည်။ 

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ဒရုန်းတိုက်ခိုက်မှု ဖြစ်စဉ်ကို ရုရှားအစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပတ်စ်ကော့ဗ် (Peskov) ကလည်း အတည်ပြု ပြောဆိုပေးခဲ့သည်။ 

Source: AP