CNI International News

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၆

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ နိုဝင်ဘာ ၁၅ ရက်က ရောက်ရှိလာခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ယခုသီတင်းပတ်အတွင်း ရှီနှင့် ပြုလုပ်မည့် ဆွေးနွေးမှုများအတွင်း နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ဆက်သွယ်မှုများ အပါအဝင် တရုတ်နှင့် ပုံမှန်ဆက်သွယ်ရေးများ ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ပြောကြားခဲ့ပြီးနောက် ရှီသည် အမေရိကန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ရှီသည် အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်သည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ညီလာခံကို မတက်ရောက်မီ ဘိုင်ဒန်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ 

တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ထောက်ခံနေကြစဉ်

ထိုအစည်းအဝေးသည် ၎င်းတို့နှစ်ဦးအကြား တစ်နှစ်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှု ဖြစ်လာမည် ဖြစ်သည်။ 

အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးမှအစ လူ့အခွင့်အရေးအဆုံး အရေးကိစ္စ အများအပြားတွင် တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ထိပ်သီးအဆင့် အစည်းအဝေးများကို လနှင့်ချီပြုလုပ်ခဲ့ကာ ရှီနှင့် ဘိုင်ဒန်တို့၏ အစည်းအဝေး ဖြစ်မြောက်ရေးကို စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဝါရှင်တန်မှ ဆန်ဖရန်စစ္စကိုသို့ မထွက်ခွာမီ ဘိုင်ဒန်က ၎င်း၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ဆက်ဆံရေးများကို မြှင့်တင်ရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

"ကျနော်တို့ဟာ တရုတ်နဲ့ အဆက်ဖြတ်ဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ ဆက်ဆံရေးတွေ ပိုကောင်းလာဖို့အတွက်ပဲ ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်" ဟု ဘိုင်ဒန်က ဆန်ဖရန်စစ္စကိုသို့ မသွားရောက်မီ အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ရှီသည် ဆန်ဖရန်စစ္စကိုသို့ ၎င်း၏ Air China လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လေဆိပ်သို့ ရောက်ရှိချိန် တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန် (Janet Yellen) နှင့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နီကိုလက်စ် ဘန်းစ် (Nicholas Burns) အပါအဝင် အမေရိကန် အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

ရှီသည် ယခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဖလော်ရီဒါ (Florida)တွင် တွေ့ဆုံခဲ့သည့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ယခုခရီးစဉ်သည့် ၎င်း၏ ပထမဆုံး အမေရိကန်ခရီးစဉ် ဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား