CNI International News

ဝါရှင်တန်၊ မေလ ၂

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr.) နှင့် အိမ်ဖြူတော်တွင် တနင်္လာနေ့၌ တွေ့ဆုံစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဖိလစ်ပိုင်လုံခြုံရေးအတွက် အမေရိကန်က ပေးထားသော ကတိများကို ထပ်လောင်းပြောဆိုကာ နှစ်နိုင်ငံကြား ခိုင်မာသော ဆက်ဆံရေးအား အလေးထားပြော ကြားခဲ့သည်ဟု အေပီသတင်းမှာ ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်သင်္ဘောများကို တရုတ် ရေတပ်၏ နှောင့်ယှက်မှုများကြောင့် တင်းမာမှုများ မြင့်တက်လာချိန်တွင် ဖြစ်သည်။

မားကို့စ်၏ ဝါရှင်တန်ခရီးစဉ်သည် ဖိလစ်ပိုင်နှင့် အမေရိကန်တို့အကြား အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြီးဆုံးချိန်၊ နှစ်နိုင်ငံ လေတပ်များ တနင်္လာနေ့တွင် ၁၉၉၀ နောက်ပိုင်း ပထမဆုံးသော ဂျက်တိုက်လေယာဉ် လေ့ကျင့် မှုကို ပူးတွဲပြုလုပ်မည့် အချိန်၌ ပေါ်ပေါက်လာသည်။

ဖိလစ်ပိုင်သည် ယခုနှစ်တွင် အမေရိကန် တပ်ဖွဲ့များအား ၎င်းတို့၏ နောက်ထပ် စစ်စခန်းလေးခုသို့ ဝင်ရောက် တပ်စွဲခွင့် ပေးခဲ့သည်။

တရုတ်၏ ထိုင်ဝမ်အပေါ်နှင့် တောင်တရုတ် ပင်လယ်တို့အတွင်း ရန်လိုမှုများ မြင့်တက်လာခြင်းကို တားဆီးရန် ဖြစ်သည်။

တောင်တရုတ်ပင်လယ်ပြင်ကိုတွေ့ရစဉ်

တစ်ဖက်တွင်လည်း တရုတ်သည် ဖိလစ်ပိုင် ကမ်းရိုးတန်းအနီး ရေပြင်တွင် သင်္ဘောများကို နှောင့်ယှက်ခြင်း၊ ကင်း လှည့်ခြင်းနှင့် တံငါသည်များကို မောင်းထုတ်ခြင်းတို့ဖြင့် ဖိလစ်ပိုင်အား ဒေါသထွက်အောင် လုပ်ဆောင်လျက် ရှိသည်။

သို့သော် မားကို့စ်နှင့် တွေ့ဆုံစဉ်တွင် ဘိုင်ဒန်က အမေရိကန်-ဖိလစ်ပိုင် ဆက်ဆံရေး၏ တိုးတက်မှုများနှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေးသည် ပြီးခဲ့သည့် နှစ်များအတွင်း အတက်အကျများစွာ ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် မားကို့စ် အာဏာရရှိချိန်တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

စိန်ခေါ်မှု အသစ်များနှင့် ရင်ဆိုင်နေရကြောင်း၊ ဖိလစ်ပိုင်ထက် ပိုကောင်းသည့် မိတ်ဖက်နိုင်ငံကို မစဉ်းစားမိ ကြောင်း ဘိုင်ဒန်က ပြောသည်။

 မားကို့စ်နဲ့ ဇနီး အမေရိကန်ကို ရောက်လာစဉ်

အမေရိကန်အနေဖြင့် ဖိလစ်ပိုင်အား ကာကွယ်ရေးအတွက် ပေးထားသော ကတိများကို တည်မည့်အပြင် ဖိလစ်ပိုင် စစ်တပ် အဆင့်မြှင့်တင်ရေး အတွက်လည်း ဆက်လက် ထောက်ပံ့သွားမည်ဟု ဘိုင်ဒန်က ပြောသည်။

ဖိလစ်ပိုင်နှင့် ပစိဖိတ်ဒေသတွင် လက်ရှိ ကမ္ဘာပေါ်၌ အရှုပ်ထွေးဆုံး ပထဝီနိုင်ငံရေး အခြေအနေများနှင့် ရင်ဆိုင် နေရသည့်အတွက် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မရှိမဖြစ် အရေးပါသည်ဟုလည်း မားကို့စ်က ပြောသည်။

တနင်္လာနေ့က ဘဲဥပုံ ရုံးခန်းအတွင်း တွေ့ဆုံမှုသည် ဘိုင်ဒန်၏ ပစိဖိတ်ခေါင်းဆောင်များနှင့် အဆင့်မြင့် သံတမန် ရေးဆိုင်ရာ တွေ့ဆုံမှုများမှ နောက်ဆုံးတစ်ခု ဖြစ်သည်။

မားကို့စ်၏ အမေရိကန် ခရီးစဉ်သည်လည်း ၁၀ နှစ်ကျော် ကာလအတွင်း ဖိလစ်ပိုင်သမ္မတ တစ်ဦး၏ ပထမဆုံး သော အမေရိကန်ခရီးစဉ် ဖြစ်သည်။

Source: AP