CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၇

မြန်မာနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူများ လူနေထိုင်နိုင်ရန်အတွက် မန္တလေးမြို့မှာ တရုတ်ကြက်ခြေနီအသင်းက ယာယီတဲများ ဆောက်လုပ်ပေးထားသည်။

တရုတ်ကြက်ခြေနီအသင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ၃၈ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားက မဟာအောင်မြေအားကစားကွင်းမှာ ငလျင်ဘေးသင့် ပြည်သူများ နေထိုင်နိုင်ရေးအတွက် ယာယီတဲ များ ဆောက်လုပ်ပေးထားခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့သည်။

အဆိုပါ ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်တို့ကို အရေးပေါ် အခြေအနေအဖြစ် နစက-က သတ်မှတ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ပြည်တွင်း/ပြည်ပက ပေးအပ်လျက်ရှိသည်။

လက်ရှိတွင် ငလျင်ဘေးကြောင့် လူပေါင်း ၃၀၀၀ ကျော်သေဆုံးပြီး ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ၍ ၄၀၀ ဝန်းကျင် ပျောက်ဆုံးလျက်ရှိသည်။

အလားတူ လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ ပြိုကျပျက်စီး ဆုံးရှုံး လျက်ရှိသည်။