CNI International News

ဝါဂျီးမား၊ ဇန်နဝါရီ ၁၈

ဂျပန်နိုင်ငံ၊ အီရှီကာဝါ (Ishikawa) စီရင်စုနယ်တွင် ဇန်နဝါရီ ၁ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ထိုစီရင်စုနယ်အတွင်းရှိ ဝါဂျီးမား (Wajima) မြို့တွင် နေထိုင်သည့် အထက်တန်းကျောင်းသား ၂၅၀ ခန့်သည် ၎င်းတို့၏ မိသားစုများနှင့်ခွဲခွာပြီး အခြားမြို့၌ ကျောင်းဆက်တက်နေရသည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

ထိုကျောင်းသားများသည် ဝါဂျီးမားမြို့နှင့် ကီလိုမီတာ ၁၀၀ ကွာဝေးသည့် ဟာကူဆန် (Hakusan) မြို့ရှိ ယာယီ အဆောင်များတွင် နှစ်လကြာ နေထိုင်ရမည်ဖြစ်ပြီး ကျောင်းသင်ခန်းစာများကို ဆက်လက် သင်ယူရမည်ဖြစ်သည်။

ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဝါဂျီးမားမြို့ရှိ အထက်တန်းကျောင်း ၃ ကျောင်းစလုံးကို ငလျင်ဒဏ်သင့် မြို့ခံများ အတွက် ယာယီကယ်ဆယ်ရေး စခန်းများအဖြစ် အသုံးပြုနေရသဖြင့် ကျောင်းသားများကို အခြားမြို့သို့ ပြောင်းရွှေ့ ပြီး ပညာသင်ကြားပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဝါဂျီးမား ပညာရေးဘုတ်အဖွဲ့က ပြောကြားခဲ့သည်။

ဂျပန်ငလျင်ဒဏ်ခံထားရစဉ်

ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့် ဝါဂျီးမားမြို့ရှိ စာသင်ကျောင်းများတွင် ထိခိုက်ပျက်စီးခဲ့သဖြင့် ကလေးများကို ပညာသင်ကြားပေးရန် မဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အာဏာပိုင်များအနေဖြင့် မူလသင်ရိုးညွှန်းတမ်းအတိုင်း ဆက်လက် သင်ကြားပေးရန် ရည်ရွယ်ထားကြောင်း ဝါဂျီးမားအရာရှိတစ်ဦးက ပြောကြားခဲ့သော်လည်း ကလေးများကို သင်ကြားပေးမည့် ဆရာများ၏ သင်ကြား ပြသမှု အစီအစဉ်များကိုမူ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဝါဂျီးမားမြို့ရှိ အထက်တန်းကျောင်းသား စုစုပေါင်း ၄၀၀ ရှိသည့်အနက် ၂၅၀ ကို ဟာကူဆန်မြို့သို့ ပို့ဆောင် မည်ဖြစ်သော်လည်း ကျန်ကျောင်းသား ၁၅၀ အတွက် ပညာသင်ကြားမှု အစီအစဉ်များကိုမူ ရှင်းလင်းစွာ မသိရ သေးပေ။

ဂျပန်ကလေးငယ်များနဲ့ မိသားစုများ နှုတ်ဆက်နေစဉ်

ကျောင်းသားအားလုံးသည် ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများ လိုအပ်ကြောင်းနှင့် ဟာကူဆန်မြို့မှ မိမိနေအိမ်သို့ စောစီးစွာ ပြန်လာချင်သည့် ကျောင်းသားများကိုလည်း ပြန်လာခွင့်ပေးမည်ဟု မြို့အာဏာပိုင်မျာက ပြောကြားခဲ့သည်။ 

အီရှီကာဝါစီရင်စုနယ်ရှိ မူလတန်းကျောင်းများနှင့် အထက်တန်းကျောင်း စုစုပေါင်း ၂၈၁ ကျောင်းသည် ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သဖြင့် စာသင်ကျောင်းများကို ဇန်နဝါရီ ၁၇ ရက်အထိ ပြန်လည် ဖွင့်လှစ်နိုင် ခြင်းမရှိသေးကြောင်း အီရှီကာဝါ စီရင်စုနယ် ပညာရေးဘုတ်အဖွဲ့က ပြောကြားခဲ့သည်။

Source: Japan Times