CNI International News

တိုင်ပေ၊ စက်တင်ဘာ ၁၈ 

ထိုင်ဝမ်အရှေ့တောင်ပိုင်းတွင် စက်တင်ဘာ ၁၈ ရက် (ယနေ့) လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချက် စတာစကေး ၆ ဒသမ ၉ အဆင့်ရှိ ငလျင်၏ဗဟိုချက် ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) ပတ်ပတ်လည် ကမ်းရိုးတန်းတလျှောက် အန္တရာယ်ရှိသော ဆူနာမီလှိုင်းများ ဖြစ်နိုင်ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ သတိပေးချက် ကို ကိုးကား၍ CNN က သတင်းဖော်ပြသည်။

ငလျင်သည် ထိုင်ဝမ်ကျွန်း၏အရှေ့တောင်ပိုင်း ကျေးလက်ဒေသဖြစ်သော ချီရှန်းနယ်မြေကို ဗဟိုပြု၍ မြေအောက် အနက် ၁၀ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းထွာရရှိသည်။ 

ဂျပန်မိုးလေဝသဌာနကလည်း အရှေ့တရုတ်ပင်လယ်ရှိ မီယာကိုကျွန်းအတွက် ဆူနာမီသတိပေးချက်ကို ထုတ်ပြန် ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါဌာနက သတိပေးချက်ကို ပြန်လည်ဖယ်ရှားခဲ့သည်။

ကျွန်းပေါ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်ဝမ်တောင်ပိုင်းမှာ ပြိုကျခဲ့သည့် အဆောက်အအုံဓာတ်ပုံများ မီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။ ငလျင်အဆင့်ကို USGS က ကနဦးတွင် ၇ ဒသမ ၂ အဆင့်အထိ ကြေညာခဲ့သော် လည်း နောက်ပိုင်းတွင် ၆ ဒသမ ၉ အဆင့်သို့ လျှော့ချပြင်ဆင်ခဲ့သည်။

အဆောက်အအုံတစ်လုံး၏ အပျက်အစီးများအောက်တွင် လူသုံးဦး ပိတ်မိနေကြောင်း ထိုင်ဝမ်အာဏာပိုင်များ၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

စတုတ္ထလူတစ်ဦးကိုတော့ ကယ်တင်နိုင်ခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ရေးသားထားသည်။ 

ရထားလမ်းချော်မှုဖြစ်ပွားခဲ့၍ ခရီးသည် အယောက် ၂၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသော်လည်း ငလျင်လှုပ်ခတ်သည့်ဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ထိုင်ဝမ်ရထားအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ 

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က ငလျင်လှုပ်ခတ်ပြီးနောက် ကျွန်းအတွက် အရေးပေါ်ဗဟိုဌာနကို ဖွင့်လှစ်စေခဲ့သည်။

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများမှ အန္တရာယ်ကင်းစွာ ရှောင်ရှားနိုင်ရန် ထိုင်ဝမ်ဒေသခံများအား သတိပေး တောင်းဆိုထားကြောင်း ဆိုင်အင်ဝမ်က သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ 

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသင့်အနေအထားဖြစ်ရန် ကျွန်း၏ အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် ဟွာလျံခရိုင်တွင် စစ်သား ၁၁၀ ခန့် တာဝန်ချထားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆန်လီဖန်က ပြောကြားခဲ့သည်။ 

Source: CNN