CNI International News

ပေကျင်း၊ ဇူလိုင် ၁၆

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)အတွင်း တရုတ်သည် ဩဇာလွှမ်းမိုးနိုင်ရေးအတွက် အကျိုးစီးပွား များကို ရင်းနှီးမြှုပ်နှံကာ ဖော်ဆောင်နေသည်ဟု Greek City Times မှ ဖော်ပြခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) သည် တရုတ်ကွန်မြူနစ်ပါတီ၏ ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုး စီးပွားများကို ပြသရန်အတွက် အဓိကကျသည့် ဖိုရမ်တစ်ခုအဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ်က စတင်တည်ထောက်ခဲ့သည့် SCO တွင် ဗဟိုအာရှမှ အဓိကနိုင်ငံများပါဝင်ပြီး ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည်။

သို့သော် SCO တွင် တရုတ်၏ ဗဟိုချုပ်ကိုင်မှုသည် သိသာထင်ရှားလာချိန်၌ ဖိုရမ်အတွင်း ပါဝင်သည့် အိန္ဒိယနှင့် ရုရှားတို့ကဲ့သို့ အဖွဲ့ဝင်နိုင်ငံများကို ကန့်သတ်ရာ ရောက်ခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်သည် SCO ကို အချက်နှစ်ချက်ဖြင့် မဟာဗျူဟာချပြီး ချဉ်းကပ်ဆောင်ရွက်နေသည်ကို တွေ့ရပြီး ပထမ အချက်မှာ ၎င်း၏ ပတ်လမ်း ရပ်ဝန်းစီမံကိန်း (BRI)ကို ဒေသတွင်း ချဲ့ထွင်ရန် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအား ခြေကုပ်တစ်ခုအဖြစ် အသုံးချရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

SCO အဖွဲ့၀င် နိုင်ငံများရဲ့အလံကို လွှင့်ထူထားစဉ်

ဒုတိယအချက်မှာ တရုတ်သည် ၎င်း၏ သံတမန် လုပ်ထုံးလုပ်နည်းများကို မြှင့်တင်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ တွင် ၎င်း၏ သြဇာလွှမ်းမိုးမှုကို ပိုမိုခိုင်မာစေရန် SCO ကို အကျိုးရှိရှိ အသုံးချခဲ့သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။ 

တရုတ်သည် ဗဟိုအာရှတွင် အခြေခံ အဆောက်အအုံ စီမံကိန်းများ၌ ငွေကြေးရင်းနှီးမြှုပ်နှံမှုများကို အများအပြား လုပ်ဆောင်ခြင်းဖြင့် ထိုနိုင်ငံများအား တရုတ်အပေါ် မှီခိုအားထားရသည့် အခြေအနေကို ဖန်တီးခဲ့သည်။ 

အထူးသဖြင့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် တရုတ်က ထုတ်ပေးသည့် ချေးငွေများသည် ဒေသတွင်း စီးပွားရေးရှင်သန်နိုင်မှု အလားအလာအပေါ် သက်ရောက်စေခဲ့သည်ဟုလည်း ကျွမ်းကျင်သူများက ပြောသည်။

တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ငွေကြေးကဏ္ဍ၌ တစ်ဦးတည်းသော အကြီးမားဆုံး ချေးငွေထုတ်ပေးသည့် နိုင်ငံဖြစ်နေရုံသာမက ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီစုစုပေါင်း၏ များပြားသော ကြွေးမြီပမာဏကို ပြန်လည်ရရှိမည့် မြီရှင်နိုင်ငံလည်း ဖြစ်လာခဲ့သည်။

ထိုအခြေအနေများအရ တရုတ်သည် SCO ကို မောင်ပိုင်စီးသည့် ခေါင်းဆောင်တစ်ဦးအဖြစ် မဟာဗျူဟာချကာ ပုံဖော်နေပြီး ၎င်း၏ အကျိုးစီးပွားကို မြှင့်တင်နေချိန်တွင် ကျန်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြုံတွေ့လာရနိုင်သည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် နည်းလမ်းများရှာဖွေရမည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Greek City Times