CNI International News

ဘေကျင်း၊ ဇူလိုင် ၁၅

တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို ပြောင်းလဲရန်နှင့် လက်ရှိ ကျင့်သုံးနေသည့် ပုံစံသည် အာဏာပိုင်များ၏ အနိုင်ကျင့်စော်ကားမှုများကဲ့သို့ ဖြစ်နေသည်ဟု တရုတ်တရားရေး ကျွမ်းကျင်သူများက တိုက်တွန်းခဲ့ကြောင်း SCMP မှ ဖော်ပြခဲ့သည်။

လက်ရှိကျင့်သုံးနေသည့် RSDL အမည်ရှိ ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ ပုံစံများသည် အလွန်ပြင်းထန်မှု မရှိသည့် ဥပဒေချိုးဖောက်မှုဖြင့် သံသယဖြစ်ခြင်း ခံထားရသူများအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်များကို အနည်းငယ်သာ ကန့်သတ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဆယ်စုနှစ်များအကြာတွင် ထိုဖမ်းဆီး ထိန်းသိမ်းမှုပုံစံသည် အကြမ်းဖက်မှု အပါအဝင် နိုင်ငံတော်လုံခြုံ ရေး ကိစ္စများ၌ အသုံးပြုသည့် အကြမ်းတမ်းဆုံးနှင့် အပြင်းထန်ဆုံး ဖမ်းဆီးထိန်းသိမ်းမှုပုံစံ ဖြစ်လာခဲ့သည်။

လာမည့်နှစ်များအတွင်း ပြင်ဆင်မှုများပြုလုပ်ရန် စီစဉ်ထားသည့် ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေကို ဖျက်သိမ်းရန် သို့မဟုတ် RSDL ကို အလွဲသုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မှားယွင်းပြီး တရားစွဲဆိုမှု များမရှိစေဖို့ ပြောင်းလဲမှုများပြုလုပ်ရန် တရားရေးပညာရှင်များက ပြောကြားခဲ့သည်။

တရုတ်ရဲများကိုတွေ့ရစဉ်

ဧပြီလအတွင်းက ဘေကျင်း နည်းပညာကုမ္ပဏီ မန်နေဂျာ ရှင်းယန်ကျွင်း (Xing Yanjun) ၏ ဖြစ်စဉ်သည် ပြည်သူများအကြား ပျံ့နှံ့သွားခဲ့သည်။

သူသည် RSDL အရ သံသယတရားခံအဖြစ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ရှင်းသည် သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကျန်ရစ်မိသားစုကို အကြောင်းကြား ခဲ့သော်လည်း ၎င်းတို့ မိသားစုသည် ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို မယုံကြည်ဘဲ အမှန်တရားကိုသာ ဖော်ထုတ်လို ကြောင်း ရှင်း၏ အစ်ကိုက Weibo လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

RSDL အစီအစဉ်ကို ၁၉၉၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ပြဋ္ဌာန်းခဲ့ပြီး သံသယဖြစ်ခံထားရသူများကို ဖမ်းဆီးထိန်းသိမ်းမှုနှင့် ပတ်သက်သည့် ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေကို ပြန်လည် ပြင်ဆင်ချိန်က စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေကို အဆင့်မြှင့်တင် မွမ်းမံမှုများကို ယခုနှစ် စက်တင်ဘာတွင် ၁၄ ကြိမ် မြောက် အမျိုးသားပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ၏ ဥပဒေပြုရေး အစီအစဉ်များ၌ ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်သည်။

Source: SCMP