CNI International News    

ဂါဇာ၊ ဇူလိုင် ၁၅

ဂါဇာကမ်းမြောင်ဒေသရှိ အယ်လ် မာဝါစီ (Al-Mawasi) ဒုက္ခသည်စခန်းကို အစ္စရေးက တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးများနှင့်ကလေးများ အပါအဝင် လူပေါင်း ၉၂ ဦးထက်မနည်း သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရခဲ့ ကြောင်း ဂါဇာကျမ်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ဇူလိုင် ၁၃ ရက်က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုသည် ဟားမာ့စ်အဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် Al-Qassam Brigades အကြီးအကဲ ဒီအစ်ဖ် (Deif) နှင့် တပ်မှူး ရာဖာ ဆလာမာ (Rafa Salama) တို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ထိုတိုက်ခိုက်မှုတွင် အစ္စရေးစစ်တပ်က ပစ်မှတ်ထားခဲ့သည့် ဟားမာ့စ် စစ်ခေါင်းဆောင်များ သေဆုံးခြင်း ရှိ/မရှိ မသေချာကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က ပြောကြားခဲ့ သည်။

ဒီအစ်ဖ်သည် အစ္စရေး၏ ဖမ်းဆီးရန် အလိုအရှိဆုံး လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အစ္စရေးတွင် အရပ်သားများနှင့် စစ်သားများ သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များအတွက် တာဝန်ရှိသူဖြစ်ကြောင်း အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

ယခင်ကလည်း ဒီအစ်ဖ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုပေါင်း ခြောက်ကြိမ်ရှိခဲ့သော်လည်း ဒီအစ်ဖ်သည် အသက်ရှင်လျက် လွတ်မြောက်ခဲ့သည်။

 အစ္စရေးရဲ့ တိုက်ခိုက်မှုကိုတွေ့ရစဉ်

ထိုကဲ့သို့ ယခုသီတင်းပတ်အတွင်း လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုဖြစ်သည့် ဇူလိုင် ၁၃ ရက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော်လည်း ဟားမာ့စ်အဖွဲ့က အစ္စရေးနှင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲများမှ နုတ်ထွက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းက အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို ရပ်တန့်ရန် ဆုံးဖြတ်ကြောင်း ဟားမာ့စ်အဖွဲ့၏ ကာတာ (Qatar) အခြေစိုက် နိုင်ငံရေးအကြီးအကဲ အစ္စမေးလ် ဟာနီယာ (Ismail Haniyeh) က ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဟားမာ့စ်အဖွဲ့က ထိုပြောကြားချက်ကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ဟားမာ့စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှ နုတ်ထွက်မည် မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို လမ်းလွဲစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့၏ နိုင်ငံရေးရုံးမှ ထိပ်သီးအရာရှိ အစ်ဇက် အယ်လ် ရက်ရှစ် (Izzat El-Reshiq) က ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်စေရန် အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို အမေရိကန်၏ ထောက်ခံမှုနှင့်အတူ ကာတာနှင့် အီဂျစ်တို့က ကြားဝင်စေ့စပ်ညှိနှိုင်းပေးလျက်ရှိသည်။

Source: ရိုက်တာ