CNI International News

မော်စကို၊ ဇူလိုင် ၁၅

ဇူလိုင် ၁၃ ရက်က အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတစ်ခုတွင် လက်ရှိ အမေရိကန်အစိုးရ၌ တာဝန်ရှိသည်ဟု ရုရှားက မယူဆ ထားသော်လည်း ထိုအခြေအနေမျိုး ရောက်ရှိစေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ်၊ ဘတ်တလာ (Butler) မြို့တွင် မဲဆွယ်စည်းရုံးပွဲ ပြုလုပ်နေချိန်၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် နားရွက်မှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ သို့သော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပေ။ 

ပစ်ခတ်မှုကို ကျူးလွန်သူသည် ထရမ့်၏ မဲဆွယ်စည်းရုံးပွဲ ကျင်းပရာနေရာနှင့် မီတာ ၁၅၀ အကွာ အဝေးအတွင်းရှိ စက်ရုံခေါင်မိုးတစ်ခုအပေါ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး Secret Service လုံခြုံရေးအဖွဲ့က သေနတ်သမားကို ပစ်ခတ် နှိမ်နင်းခဲ့သည်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကို တွေ့ရစဉ်

ထိုပစ်ခတ်မှုတွင် မဲဆွယ်စည်းရုံးပွဲကို တက်ရောက်လာသူ ၁ ဦး သေဆုံးပြီး ၂ ဦး  ဒဏ်ရာရခဲ့သည်။

ထို့နောက် Secret Service အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခံရသည့် သေနတ်သမားသည် ပင်ဆယ်ဗေးနီးယားပြည်နယ် ဘီသယ် ပါ့ခ် (Bethel Park) မြို့တွင် နေထိုင်သည့် အသက် ၂၀ အရွယ် သောမတ်စ် မက်သူး ကရွတ် (Thomas Mattew Crooks) ဆိုသူ ဖြစ်ကြောင်း FBI က ထုတ်ပြန်ခဲ့သည်။

“ထရမ့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကို လက်ရှိ အမေရိကန်အစိုးရက စီမံလုပ်ဆောင်ခဲ့တယ်လို့ ကျနော်တို့ မယူဆပါဘူး။ ဒါပေမယ့် ထရမ့်ကို တိုက်ခိုက်ခံရမယ့် အခြေအနေကိုတော့ ဖန်တီးခဲ့ပါတယ်” ဟု ပက်စကော့ဗ်က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် မဲဆွယ်စဉ် သေနတ်ပစ်ခံရ

တရားရေးဆိုင်ရာ အမှုအခင်းများ၊ တရားရုံးများ၊ အစိုးရရှေ့နေများကို အသုံးပြုပြီး ထရမ့်ကို နိုင်ငံရေးနယ်ပယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ်မှ ဖယ်ရှားရန် ကြိုးပမ်းမှုများပြု ရှိခဲ့ပြီးနောက် ထိုအခြေအနေများ အားလုံးသည် ထရမ့်ကို အသက်အန္တရာယ်ရှိစေသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ပက်စ်ကော့ဗ်က ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အမေရိကန်တွင် ထိုကဲ့သို့ အကြမ်းဖက်မှုများအတွက် နေရာမရှိကြောင်း ပြောကြားခဲ့သည်။ 

ထို့ပြင် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များကလည်း ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ထရမ့်ဘက်မှ ရပ်တည်ပြောကြား ခဲ့ကြသည်။

သို့သော် ရုရှားသမ္မတ ပူတင် (Putin) အနေဖြင့် ထိုတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထရမ့်ကို ဖုန်းခေါ်ဆိုရန် အစီအစဉ်မရှိကြောင်း ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

Source: ရိုက်တာ