CNI International News

ဝါရှင်တန် ၊ ဇူလိုင် ၁၇

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump)သည် ဒုတိယ သမ္မတ ကိုယ်စားလှယ်လောင်း နေရာအတွက် ဂျေဒီ ဗန့်စ် (JD Vance) ကို တွဲဖက်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အသက် ၃၉ နှစ်အရွယ် အိုဟိုင်းယိုး (Ohio) ပြည်နယ်မှ အထက်လွှတ်တော်အမတ် ဗန့်စ်သည် ၂၀၁၆ ခုနှစ်က Hillbilly Elegy အမည်ရှိ ကိုယ်ရေးမှတ်တမ်း စာအုပ်ဖြင့် လူသိများထင်ရှား လာခဲ့သူဖြစ်သည်။

ထိုအချိန်က ထရမ့်သည် ပထမဆုံးအကြိမ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေချိန် ဖြစ်သည်။

ဗန့်စ်သည် ၂၀၂၂ ခုနှစ်က အမေရိကန်အထက်လွှတ်တာ်တွင် ရွေးကောက်ခံခဲ့ရပြီး ထရမ့်၏ Make America Great Again ဆိုသည့် မူဝါဒကို အခိုင်အမာ ယုံကြည်သည့် ရီပတ်ဘလစ်ကန်များထဲတွင် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။

သို့သော် သူသည် နိုင်ငံရေးနယ်ပယ်တွင် ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းမရှိဘဲ ယခုအကြိမ် ထရမ့်နှင့် တွဲပြီး ရွေးကောက်ပွဲဝင်ခြင်းသည် ဗန့်စ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ ဂျေဒီဗန့်စ်ကို တွေ့ရစဉ်

အိုဟိုင်းယိုးပြည်နယ်၊ မစ်ဒယ်တောင်း (Middletown) မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည့် ဗန့်စ်သည် အီရတ် စစ်မြေပြင် အပါအဝင် မရိန်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်နှင့် ယေးလ်ဥပဒေကျောင်းတို့မှ ဘွဲ့ရရှိခဲ့သူဖြစ်သည်။

ဗန့်စ်၏ Hillbilly Elegy စာအုပ်တွင် အမေရိကန် အလယ်ပိုင်းဒေသ၌ ထရမ့်ကို ထောက်ခံမှုများ မြင့်တက်စေခဲ့ သည့် အကြောင်း၊ အထူးသဖြင့် အလုပ်သမား လူတန်းစားများ၊ ကျေးလက်နေ လူဖြူမဲဆန္ဒရှင်များက ၂၀၁၆ ရွေးကောက်ပွဲတွင် ထရမ့်ကို အနိုင်ရရှိအောင် ကူညီပေးခဲ့သည့် အကြောင်းများကို ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

ဗန့်စ်သည် ထရမ့်၏ အစောပိုင်း နိုင်ငံရေးလှုပ်ရှားမှုများကို ဝေဖန်ခဲ့သူဖြစ်ပြီး ထရမ့်ကို “အမေရိကန် ဟစ်တလာ” ၊ “ဟန်ဆောင်လိမ်ညာသူ” ၊ “စာရိတ္တ ပျက်ပြားသူ” ဆိုသည့် စကားလုံးများဖြင့် ဝေဖန်ခဲ့ရာမှ နောက်ပိုင်းတွင် ထရမ့်၏ အမာခံထောက်ခံသူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဗန့်စ်သည် အစ္စရေးကို ထောက်ခံသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ် အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့ကို အရင်ဆုံး ဝေဖန်ခဲ့သူဖြစ်သည်။

ဇူလိုင် ၁၃ ရက်က မဲဆွယ်စည်းရုံးပွဲတွင် ထရမ့် ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်သည် ရွေးကောက်ပွဲအကြို မဲဆွယ် စည်းရုံးမှု အခြေအနေကို လှုပ်ခတ်သွားစေခဲ့သည်။

ထရမ့်သည် ထိုဖြစ်စဉ်ကြောင့် လူထုထောက်ခံမှု ပိုမိုမြင့်တက်လာခဲ့သည်ဟု စစ်တမ်းအချို့တွင် ဖော်ပြခဲ့သည်။

Source: အယ်လ်ဂျာဇီးယား