CNI International News

သည်ဟိဂ်၊ ဇန်နဝါရီ ၁၃

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း နိုင်ငံတကာခုံရုံး (ICJ) တွင် တောင်အာဖရိကနိုင်ငံ၏ စွပ်စွဲမှုများကို အစ္စရေးက ငြင်းပယ်ခဲ့ပြီး ထိုစွပ်စွဲမှုများသည် မှန်ကန်မှုမရှိဘဲ လိုရာ ဆွဲ ပြောဆိုမှုများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ထိုးစစ်ကို ရပ်တန့်ရန် တောင်အာဖရိကနိုင်ငံ၏ တောင်းဆိုချက် များကို ပယ်ချရန် အစ္စရေးက ICJ တရားသူကြီးများအား တိုက်တွန်းခဲ့ပြီး ဂါဇာထိုးစစ်ကို ရပ်တန့်မည်ဆိုပါက အစ္စရေးသည် အကာအကွယ်မဲ့ ဖြစ်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တောင်အာဖရိကသည် ICJ တွင် အစ္စရေးကို လူမျိုးသုဉ်း သတ်ဖြတ်မှု စွဲချက် တင်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်၌ ဂါဇာမှာ အစ္စရေး၏ စစ်ဆင်ရေးကို ရပ်တန့်ပေးရန် ICJ တရားသူကြီးများကို တိုက်တွန်းခဲ့သည်။

အစ္စရေး၏ လေကြောင်းနှင့် မြေပြင်စစ်ဆင်ရေးများကြောင့် ဂါဇာတွင် လူပေါင်း ၂၃,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုအခြေအနေသည် ဂါဇာဒေသခံများကို ပျက်သုဉ်းစေမည့် အလားအလာ တစ်ခုဖြစ်ကြောင်း တောင်အာဖရိကက ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားရေးအကြံပေး တယ်လ် ဘက်ကာ (Tal Becker) ကမူ ဂါဇာပဋိပက္ခနှင့် ပတ်သက်ပြီး တောင်အာဖရိက၏ တင်ပြမှုသည် ဟုတ်မှန်ခြင်းမရှိဘဲ လိုရာဆွဲပြီး ပြောဆိုမှုများဖြစ်သည်ဟု ICJ ကို လျှောက်လှဲခဲ့သည်။

"တကယ်လို့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိခဲ့မယ်ဆိုရင်တောင်မှ သူတို့ (ဟားမာ့စ်) က အရင်ဆုံး အစ္စရေးကို ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ဟားမာ့စ်တွေကသာ အစ္စရေးကို လူမျိုးသုဉ်း သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်" ဟု ဘက်ကာက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ လူပေါင်း ၂၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အစ္စရေးက ဂါဇာဒေသကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကာ စစ်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"နှစ်ဖက်စလုံးက အရပ်သားတွေ သေကြေပျက်စီးတဲ့ အခြေအနေအထိ ရောက်ရှိစေတာဟာ ဟားမာ့စ်အဖွဲ့ရဲ့ မဟာဗျူဟာ ဖြစ်ပါတယ်"ဟု ဘက်ကာက ပြောကြားခဲ့ပြီး အစ္စရေးအနေဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ရှိကြောင်း ICJ တွင် လျှောက်လှဲခဲ့သည်။

Source: ရိုက်တာ