CNI International News

မော်စကို၊ ဇန်နဝါရီ ၁၃

အမေရိကန်သည် ယီမင်နိုင်ငံ၏ နယ်မြေများကို တိုက်ခိုက်ခြင်းအားဖြင့်် နိုင်ငံတကာဥပဒေများကို မထီမဲ့မြင် လုပ်နေကြောင်းနှင့် ဒေသတွင်း တင်းမာမှုများကို မြင့်တက်စေရန် ရည်ရွယ်ထားကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ (Maria Zakharova) က ပြောကြားခဲ့ကြောင်း တာ့စ် သတင်းဌာနမှ ဖော်ပြခဲ့သည်။

ယီမင်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုသည် အနောက်နိုင်ငံများက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက် များကို မည်ကဲ့သို့ ပုံဖျက်နေသည်ဆိုခြင်းအား ပြသသည့် နောက်ထပ် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒေသတွင်း တင်းမာမှု များ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာဥပဒေများကို မထီမဲ့မြင်ပြုနေခြင်းဖြစ်ကြောင်း ဇာခါရိုဗာက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၁ ရက် ညပိုင်းက အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များသည် ယီမင်နိုင်ငံ၏ မြို့များအတွင်းရှိ ဟူရ်သီသူပုန် များ၏ စခန်းများကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို ဟူရ်သီသူပုန်များ၏ မကြုံစဖူး တိုက်ခိုက်မှုများကို တုန့်ပြန်သည့်အနေဖြင့် ထိုကဲ့သို့ စစ်ရေးအရ အရေးယူရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ပြောကြားခဲ့သည်။

ထိုလေကြောင်း တိုက်ခိုက်မှုများသည် ဟူရ်သီသူပုန်အဖွဲ့၏ အဆောက်အအုံ ၁၆ ခုရှိ ပစ်မှတ်ပေါင်း ၆၀ ကျော်ကို ထိမှန်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဟူရ်သီသူပုန်များသည် အစ္စရေး နယ်မြေများကို တိုက်ခိုက်မှုများ ပြုလုပ်ပြီး ပင်လယ်နီအတွင်းရှိ အစ္စရေးနှင့်ဆက်နွှယ်မှုရှိသည့် သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်အဖွဲ့ကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးကို မရပ်တန့်မချင်း ထိုတိုက်ခိုက်မှုများအား လုပ်ဆောင်မည်ဟုလည်း ဟူရ်သီသူပုန်အဖွဲ့က ပြောကြားခဲ့သည်။

နိုဝင်ဘာလလယ်ပိုင်းကတည်းက ဟူရ်သီသူပုန်အဖွဲ့သည် ပင်လယ်နီတွင် အရပ်ဖက် သင်္ဘောများနှင့် ကုန်တင် သင်္ဘော အစင်း ၂၀ ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု CENTCOM က  ခန့်မှန်းထုတ်ပြန်ခဲ့သည်။

Source: တာ့စ်