CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်းမှ စတင်ကာ MOU စာချုပ်ဖြင့် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံနေရပြီး အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများဖြင့် ကြုံတွေ့နေ ကြကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

ထို MOU လုပ်သားများထဲ၌ အများစုသည် စာချုပ်ပါအတိုင်း အလုပ်မရရှိခြင်းကို အဓိကကြုံတွေ့နေရသလို အထောက်အထားများ သိမ်းဆည်းခံထားရခြင်း၊ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း၊ လုပ်ခလစာနှင့် လုပ်ငန်းခွင် အတွင်း ထိခိုက်မှုများတွင် တာဝန်ယူမှုမရှိခြင်း စသည့် အခြေအနေများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

မိမိတို့၏ တိုင်းပြည်တွင် တည်ငြိမ်အေးချမ်းမှု မရှိဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ နှစ်နိုင်ငံအစိုးရချင်း သဘော တူညီမှု MOU စာချုပ်ဖြင့် လာရောက် လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်း လုပ်သားများအပေါ် ယခုကဲ့သို့ ခေါင်းပုံ ဖြတ်မှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

၎င်းက “ခေါင်းပုံဖြတ်တယ်ဆိုတာ လုပ်အားခ မပေးတာပဲ လုပ်အားခကိုပဲ ဖြတ်တယ်လို့ အများစုက နားလည် တယ်။ အလုပ်သမား တစ်ယောက်ချင်းရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး မရဘူးဆိုရင် ဒါ အလုပ်သမား ဥပဒေကို ချိုးဖောက်တာပဲ။

အလုပ်သမားအခွင့်အရေးကို ခေါင်းပုံဖြတ်တာပဲ။ MOU အလုပ်သမားတစ်ယောက် ဝင်လာရင် လူမှုဖူလုံရေးခ ဘတ် ၁၀၀၀ သူတို့သွင်းတယ်ပေါ့။ တကယ်တမ်းကျရင် အလုပ်သမား တစ်ယောက်ဟာ နေမ ကောင်းဖြစ်ရင် သူနဲ့သက်ဆိုင်တဲ့ ဆေးရုံဆေးခန်းကို ပို့ပေးရမယ်။ မြန်မာနိုင်ငံကနေ စပြီးထွက်လာ ကတည်းက သူသွင်းထားတဲ့ လူမှုဖူလုံရေးခတွေနဲ့ ကတ်ပြားတွေနဲ့အတူ ဆေးကုသခံယူခွင့် ရှိရမယ်။ နောက် အစိုးရဆေးရုံ တွေမှာ သူတို့ ကျန်းမာရေး အာမခံတွေ ရှိထားပြီးသား ဖြစ်တယ်ပေါ့။ ထိုင်းအစိုးရကလည်း သူကိုယ်တိုင်က သိ တယ်။ မြန်မာနိုင်ငံသား တစ်ဦး တစ်ယောက်ရဲ့ ဒုက္ခအခက်အခဲကို မြန်မာနိုင်ငံ အစိုးရကနေပြီးတော့မှ ထိရောက် တဲ့ အကူအညီ မပေးနိုင်သလို သူတို့အပေါ်ကိုလည်း တစ်စုံတစ်ရာ ဖိအားပေးတာမျိုး၊ တစ်စုံတစ်ရာ မှတ်ချက်ပေး တာမျိုး မလုပ်နိုင်ဘူးဆိုတာကို သူတို့သိတယ်။ ဘာလို့ဆို မြန်မာနိုင်ငံမှာက ကြီးမားတဲ့ပြဿနာတွေ နိုင်ငံရေး ပြဿနာတွေ ရှိနေတဲ့အခါ ကြတော့ အလုပ်သမားအရေးကို သိပ်ပြီးတော့မှ စိတ်ဝင်တစားနဲ့ လုပ်ပေးမယ့် အစိုးရ အဖွဲ့အစည်းဌာန မရှိဘူး” ဟု ပြောသည်။

ထိုသို့ စေလွှတ်ရာတွင် အေဂျင်စီအချို့အနေဖြင့် ထိုင်းအလုပ်ရှင်ဘက်မှ လိုအပ်သည့် လုပ်သားဦးရေထက် ပိုမို၍ စေလွှတ်မှုများရှိကြောင်း၊ စာချုပ်ပါ အလုပ်မဟုတ်သဖြင့် အဆင်မပြေသည့်အတွက် အလုပ်ထွက်မည် ဆိုပါက လည်း အလုပ်ထွက်စာအဖြစ် ငွေကြေးတောင်းခံမှုများ ရှိကြောင်းလည်း သိရသည်။

FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “သူတို့ရဲ့ မူအရ အလုပ်ထွက်ခွင့် လက်မှတ်ပေးရတယ်ပေါ့နော်။ အဲဒီ အလုပ်ထွက်ခွင့်ပြုကြောင်း လက်မှတ် ပေးတယ်။ တချို့ ကုမ္ပဏီတွေ တချို့ အေးဂျင့်တွေက အဲဒီလိုမျိုး လက်မှတ် မပေးတော့ အလုပ်သမားတွေ အနေနဲ့ တော်တော်ခက်ခဲတယ်ပေါ့။ သူတို့ကနေပြီးတော့လည်း အဲဒီ လက်မှတ် မရှိ ရင် တခြားလုပ်ငန်းရှင် အသစ်ကိုလည်း ဆက်လို့မရဘူး။ ဆက်လို့မရနိုင်ဘူး။ အဲဒါကြောင့်မို့လို့ တချို့ အလုပ် သမားတွေက တရားဝင်တာကနေ တရားမဝင် အလုပ်သမားတွေ ဖြစ်သွားတာမျိုးတွေ ကျနော်တို့ တွေ့နေရ တာပေါ့” ဟု ပြောသည်။

ထိုင်းရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

လက်ရှိ မြန်မာ MOU လုပ်သားများ ခေါင်းပုံဖြတ်ခံ နေရခြင်းတွင် အလုပ်ရှာဖွေရေး အေဂျင်စီများ၌ အဓိက ပိုအရေးကြီးကြောင်းနှင့် ၎င်းတို့လုပ်ကိုင်ရမည့် လုပ်ငန်းခွင်နှင့်ပတ်သက်၍ ထိုအေဂျင်စီများမှ မစေလွှတ်ခင်တွင် သေချာစွာ စိစစ်ထားသင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ထို့အပြင် မြန်မာသံရုံးမှ တာဝန်ရှိသူများ အနေဖြင့်လည်း အလုပ်သမားအရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထိထိ ရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိဘဲ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားမှသာလျှင် လုပ်ဆောင်ပေးခြင်း ဖြစ် ကြောင်း ၎င်းတို့က သုံးသပ်သည်။

ကိုသားကြီးက “ ၂ ရာခိုင်နှုန်း လောက်တောင်မှ သေသွားလို့ သဂြိုလ်တဲ့အခါမှာ မျက်နှာသွားပြတာမျိုးတွေ၊ လျော်ကြေး ရတဲ့အခါမှာ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုတွေကို မျက်နှာကောင်းလုပ်တာမျိုးတွေ ဒီလောက်ပဲ တွေ့ရတယ်။ အဲဒီတော့ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ဒုက္ခအခက်အခဲတွေကို မြန်မာအလုပ် သမား သံအရာရှိတွေ ကူညီတယ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။ အဲဒီတော့ မြန်မာတွေက ဘယ်သူ့ကို ကူညီရသလဲဆိုတာကို တဆက်တည်းပြောရင် ကျနော် အပါအဝင် ထိုင်းနိုင်ငံထဲမှာ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလိက ဖွဲ့စည်းထားတဲ့သူတွေ၊ မြန်မာအချင်းချင်းတွေ ကူညီတာကိုပဲ တွေ့ရတယ်။ ဒါဟာ ဘာကိုသွားပြီးတော့ ညွှန်းနေတာလဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ ဝန်ကြီးဌာနတွေဟာ အဂတိ မကင်းတာရယ်၊ နေရာတစ်စုံတစ်ရာရလာရင် မိမိတို့ရဲ့ မိသားစု အကျိုးစီးပွား အတွက်ပဲ စီးပွားရေးရှာတာကို တွေ့နေရတယ်”ဟု ပြောသည်။

မြန်မာသံရုံးမှ တာဝန်ရှိသူများ အနေဖြင့် အလုပ်သမား အရေးနှင့်ပတ်သက်ပြီး သေချာစွာ ကိုင်တွယ်ဖြေရှင်းပေးပါ က ယခုကဲ့သို့ ခေါင်းပုံဖြတ်ခံရခြင်းများ ကြုံရမည် မဟုတ်ကြောင်းလည်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ပြန်လည်စေလွှတ်မှုကို ၂၀၂၂ ခုနှစ်၊ မေလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံသို့ MOU လုပ်သား စေလွှတ်ထားမှုမှာ လူဦးရေ တစ်သိန်းဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။