CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄

မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ပြုလုပ်ရာတွင် အချိန် ၃ ပတ် ခန့်သာကြာမြင့်ပြီး အသစ်ပြုလုပ်ရာမှာတော့ ၅ လဝန်းကျင် ကြာမြင့်မှသာရရှိကြောင်း မလေးရှားတွင် မြန်မာ နိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရှိ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် ရက်ချိန်းအား အွန်လိုင်းမှ QR code စနစ်ဖြင့် လျှောက်ထားကြခြင်းဖြစ်ကာ ယခင်က ရက်ချိန်း ပြန်မကျသဖြင့် အခက်အခဲ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ တစ်ပတ်အတွင်း QR code ရရှိကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နှစ်ပတ်ကနေ သုံးပတ် အများဆုံးပဲ ကြာတာပေါ့နော် လက်ရှိ အခြေအနေကတော့။ သက်တမ်းတိုးတွေ အတွက် သူတို့ရဲ့ register ကျမယ့်ရက်ချိန်း။ သက်တမ်းတိုးက နေ့ချင်းပြီးတယ်။ အသစ်လုပ်တဲ့ လူတွေကတော့ ၄၊ ၅ လလောက် စောင့်ရတာပေါ့။ QR code ကတော့ တစ်ပတ်အတွင်းရတယ်။ QR code ရပြီးတော့မှ ရက်ချိန်း ဘယ်နှစ်ရက်နေ့ဆိုပြီးတော့ ပြန်စတာကို။ QR code ကတော့ တစ်ပတ်အတွင်း ပေးပါတယ်။ ပြီးသွားရင်သူက နှစ်ပတ်၊ သုံးပတ်လောက် ခွာပြီးတော့မှ ရက်ချိန်းပြန်ပေးတာ။ ဒီ system အပေါ်မှာ အသုံးပြုတတ်တဲ့ လူတွေ ကတော့ အဆင်ပြေတာပေါ့။ အသုံးမပြုတတ်တဲ့ သူတွေကတော့ အေးဂျင့်တွေပဲ သုံးနေရတာပေါ့ ကြားခံအဖြစ်။ ဒီဟာကတော့ လွယ်ကူပါတယ်။ ကိုယ့် အီးမေးလ်ရှိရင် ဖုန်းနံပါတ်တစ်လုံးနဲ့ အီးမေးလ်နဲ့ ပတ်စပို့နံပါတ် ဒါလေး ပဲ register လုပ်လိုက်ရင် QR ပြန်ပေးပါတယ်။ ပြီးရင် အီးမေးလ်မှာ ရက်ချိန်းပြန်လာတယ်” ဟု ပြောသည်။

မလေးရှားအစိုးရကိုတွေ့ရစဉ်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသည် နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်းနှင့်ပတ်သက်၍ စက်တင်ဘာ ၄ ရက်နေ့မှ စတင်ကာ အွန်လိုင်းမှ QR code ဖြင့် ရက်ချိန်းယူရခြင်းစနစ်ကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

အွန်လိုင်းအား သေချာအသုံးမပြုတတ်သည့် မြန်မာများအနေဖြင့် ပွဲစားများအား ပြုလုပ်ခိုင်းရာတွင် မလေးရှား ရင်းဂစ်ငွေ ၈၀၀ မှ ၁၈၀၀ အထိ (မြန်မာငွေ ၃ သိန်းမှ  ၈ သိန်းကျော်) ပေါက်ဈေးများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။ 

လက်ရှိတွင် ရီကာလီဘရာစီ ပါမစ် လျှောက်ထားခွင့် သက်တမ်းကာလသည် ဒီဇင်ဘာလကုန်၌ ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက်ကြောင့် နိုင်ငံကူးလက်မှတ် စာအုပ်အသစ် ပြုလုပ်ချင်သူများရှိသဖြင့် မြန်ဆန်စွာ ထုတ်ပေး နိုင်မည်ဆိုပါက မြန်မာလုပ်သားများအတွက် အဆင်ပြေ ကောင်းမွန်မည်ဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံ သားများအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။

မလေးရှားရောက် မြန်မာအလုပ်သမားများကို တွေ့ရစဉ်

မလေးတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “အခုမလေးရှားနိုင်ငံ သူတို့ နိုင်ငံအတွင်းမှာကိုက အစိုးရတင်မဟုတ်ဘဲ ဒီနိုင်ငံသားတွေ ကိုယ်တိုင်ကိုက တရားမဝင် နိုင်ငံခြားသား အလုပ် သမားတွေကိစ္စမှာ ဝင်ရောက်စွက်ဖက်တဲ့ အနေအထားမျိုးမှာရှိနေတော့ အခု တရားဝင် အလုပ်သမားနဲ့ တရားမဝင် အလုပ်သမားတွေကို ဒီနိုင်ငံသားတွေ ကိုယ်တိုင်က ဖော်ထုတ်နေတော့ ဒီအစိုးရ တာဝန်ရှိတဲ့ အဖွဲ့အစည်းကပေါ့ အရေးမယူဘဲနဲ့ နေလို့မရဘူး။ အဲဒီတော့ သူတို့နိုင်ငံသားတွေက ဒီလို ဖော်ထုတ်နေတဲ့ အနေ အထားမျိုးမှာ သူတို့ကလည်း နောက်ကနေလိုက်ပြီးတော့ ဖမ်းဆီးမှုတွေ၊ အရေးယူမှုတွေ လိုက်လုပ် နေရပါတယ်။ မြန်လေ ကောင်းလေပေါ့။ အခုက ပြဿနာတွေအမျိုးမျိုးပေါ့။ သက်တမ်းတိုးတာရော၊ ပါမစ်အမီ မပိတ်ခင်လေးမှာ ပါမစ်လျှောက်ချင်လို့ စာအုပ်လုပ်ချင်တဲ့ လူတွေကလည်း အများကြီးရှိတာပေါ့။ ဒါပေမယ့် အခုအချိန်အထိ အဲဒီလို မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်တဲ့ အနေအထားမျိုးတော့ မကြားမိသေးပါဘူး။ မလေးရှားမှာဆိုရင်တော့ နိုင်ငံကူး လက်မှတ် ဒီနေ့သွားလုပ်တယ် ဒီနေ့ချက်ချင်းရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်မတိုင်ခင် ကာလကထက် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း ဦးရေမှာ ပိုမိုများပြားလာသည်။ 

ထို့ကြောင့် လာမည့်နှစ်ကုန်ပိုင်း၌ ပြီးခဲ့သည့်နှစ်များကထက် အဖမ်းအဆီး ပိုမို ကြမ်းလာနိုင်ဖွယ်ရှိကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။