CNI News

၂၀၂၃ ခုနှစ်၊ မေလ ၆

လက်ရှိတွင် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း လိုက်ပါကျဆင်းလာခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းထံမှ သိရသည်။

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းသည် ဧပြီလ တတိယပတ်မှ စတင်၍ ယနေ့ (မေလ ၆ ရက်နေ့)အထိ တဖြည်းဖြည်း ကျဆင်းလျှက် ရှိနေသည်။

စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာသည်မှာ ရက်ပိုင်းခန့်သာ ရှိသေးကြောင်း၊ လက်ရှိ ပြည်တွင်းတွင် လျှပ်စစ်မီး အလုံအလောက် မရရှိခြင်းနှင့် စက်ရုံ အလုပ်ရုံများ လုပ်ငန်းလည်ပတ်မှု များပြားလာခြင်းကြောင့် စက်သုံးဆီ တင်သွင်းရသည့် ပမာဏသည် ယခင်ထက် တန်ချိန် ၁ သိန်းကျော် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြည်တွင်း ဆီဈေးဆိုရင်တော့ နိုင်ငံခြားက ဆီဈေးကျလို့ ကျတာ။ ပမာဏ အနေနဲ့ဆိုရင်တော့ ဆရာတို့ အရင်တုန်းက စပြီးတော့ စက်သုံးဆီကို တင်သွင်းမှု ထိန်းချုပ်တဲ့ အချိန်တုန်းက ၃ သိန်း ၆ သောင်းပေါ့၊ ၁ လကို လေ။ အခုကတော့ ၄ သိန်း ၈ သောင်းလောက် သွင်းရတာပေါ့လေ။ ၁ သိန်း ကျော်ကျော်လောက် ပိုလာတာပေါ့။ လျှပ်စစ်မီး ရရှိမှုရော၊ နောက်တစ်ခုကတော့ လုပ်ငန်းတွေလည်း လည်ပတ်မှု နည်းနည်း တိုးလာတာရော အဲဒါတွေ လည်း ပါတာပေါ့။ အဓိကကတော့ ကိုဗစ်ကာလမှာ လုပ်ငန်းတွေ မလည်ပတ်သေးဘူးလေ။ အခုကျတော့ လုပ်ငန်း တွေက လည်ပတ်မှု ပိုများလာတာပေါ့။ အဲဒါလည်း ပါတာပေါ့” ဟု ပြောသည်။

ဆီဖြည့်ပြီး ငွေရှင်းနေစဉ်

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများသည် ပြီးခဲ့သည့် ဧပြီလ တတိယပတ်တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၀၈၅ ကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် ၁၈၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၃၅ ကျပ်မှ ၁၈၃၀ ကျပ်နှင့် ပရီမီ ယံ ဒီဇယ် တစ်လီတာကို ၂၁၁၅ ကျပ်မှ ၁၉၁၀ ကျပ်သို့ ကျဆင်းလာသည်ကို တွေ့ရှိရသည်။

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ ဆိုင်များတွင်လည်း ယခုရက်ပိုင်းအတွင်း ဈေးနှုန်းကျဆင်းမှုများ ရှိလာကြောင်း၊ လိုသလောက် ရောင်းချပေးနေသည်ဟု စက်သုံးဆီဆိုင် မန်နေဂျာ ဒေါ်ဝင်းလှိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီ ၃ ရက်လောက်မှာတော့လေ ဈေးနှုန်း နည်းနည်း ကျနေပါတယ်။ ဒီနေ့တော့ ဒီဇယ်တော့ နည်းနည်း ပြန်တက်ပါတယ် ၃၀ လောက် ပြန်တက်တယ်။ ၁ လီတာကို ၃၀ တက်သွားတယ် ဒီဇယ်နဲ့ ပရီမီယံကလေ။ အကန့် အသတ်နဲ့ ရောင်းပေးတဲ့ အနေအထားတော့ မရှိသေးဘူး။ ရောင်းပေးနေပါတယ်” ဟု ပြောသည်။

ဆီဖြည့်နေကြစဉ်

ရန်ကုန်မြို့နှင့် တချို့ မြို့နယ်များတွင် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုများ ရှိသော်လည်း ရခိုင်ပြည်နယ်တွင် စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းမှု မရှိသေးကြောင်း၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၃၀၀၀ ကျပ် ဖြစ်ပေါ် နေသည်ဟု မောင်တောဒေသခံ ကိုမောင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မကျပါဘူး ဒီအတိုင်းပါပဲ ရောင်းနေတာကတော့။ ၉၂ တစ်ဂါလံကို ၁၃၅၀၀။ မကျဘူး ကျနော်တို့ ရခိုင်မှာ ကျတော့ မကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်္ကြန်ပြီးတာနဲ့ ကုန်ကားတွေက မလာတာနဲ့ ရခိုင်မှာက ဈေးနှုန်း တစ်ခု တက်ပြီဆိုရင် ပြန်ပြီးတော့ မကျဘူး အဲဒီလို ဖြစ်နေတာ။ ရန်ကုန်မှာ ၃ ရက်ကျတာနဲ့ ဒီမှာကျတော့ ဆိုင်တွေကို ဘယ်လိုမျိုး လုပ်ထားလဲဆိုတာကို မသိဘူးလေ ကျနော်တို့က။ ဒီဈေးနှုန်းက ဒီဈေးနှုန်းပဲ အဲဒီလိုမျိုး ရောင်းနေတာပဲ။ ရန်ကုန်မှာ ဈေးကျတယ်ဆိုပေမယ့်လည်း ဒီမှာ ကိုယ်စားလှယ် ဆိုင်ကနေပြီးတော့ ရန်ကုန်ကနေ နဂို ဈေးများများနဲ့ ဝယ်ထားတယ်ဆိုရင် သူတို့ ကိုယ်စားလှယ် ဆိုင်တွေကျတော့ ဈေးကျတဲ့နှုန်းကို သူတို့ ရောင်း မပေးဘူးလေ ရခိုင်မှာကျတော့” ဟု ပြောသည်။