CNI News

၂၀၂၃ ခုနှစ်၊ မေလ ၅

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့ အပါအဝင် ခရိုင် ၅ ခုတွင် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားနေခြင်း ကြောင့် အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေရသည်ဟု တမူးနယ်စပ်ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ နယ်စပ်မှတဆင့် လူအဝင်/အထွက် လုပ်ဆောင်၍ မရခြင်းကြောင့် ပို့ကုန်တင်ပို့မှု လုပ်ငန်းများလည်း ရပ်နားထားရသည်ဟု ကလေး - တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့နိုင်ငံမှာ မတည်မငြိမ် ဖြစ်တဲ့အခါကျတော့ ကိုယ့်ပို့ကုန်က သက်ရောက်မှု အများကြီး ရှိတာပေါ့။ လူ တောင် သွားလို့မရတော့တဲ့ ကိစ္စကြီး အခုက။ ကျနော်တို့ သွားလို့ မရဘူးဆိုကတည်းက အလုပ်မဖြစ်ဘူး။ အကုန် လုံး ရပ်တန့်ရတာ” ဟု ပြောသည်။

မိုးရေးမြို့မှာ လူထုလှုပ်ရှားမှုကိုတွေ့ရစဉ်

အဓိကရုဏ်းကြောင့် အိန္ဒိယနိုင်ငံဘက်မှ တမူးနယ်စပ်မှတဆင့် ကုန်ပစ္စည်း အမှာစာများလည်း မရှိတော့ကြောင်း၊ တရားဝင် ကုန်သွယ်ရေးအပြင် တရားမဝင် ကုန်သွယ်ရေးများလည်း ရပ်တန့်နေသည့် အခြေအနေ ဖြစ်နေသည်ဟု တမူးမြို့မှ ကုန်သည်များထံကနေ သိရသည်။

ကုန်သွယ်ရေး လုပ်ငန်းများ ရပ်တန့်သွားသည့်အပြင် တမူးမြို့နယ်အတွင်းရှိ ဈေးရောင်းချသည့် ဈေးသည်များနှင့် အိန္ဒိယနိုင်ငံတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသော ဒေသခံ အလုပ်သမားများသည်လည်း ဝင်ရောက်၍ မရဖြစ်နေသည်ဟု တမူးမြို့ဒေသခံ မသက်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီ တမူးဒေသတွေကျတော့ မိုးရေးတို့ အိန္ဒိယဘက်ကပဲ အိန္ဒိယမှာပဲ လုပ်စားကြတာ များတော့လေ ဒီဘက်မှာကျတော့ အလုပ်မဖြစ်လောက်ဘူး ထင်တယ်။ အခုဟာက ဈေးသည်တွေလည်း သွားလို့မရဘူး။ လမ်း တွေက ပိတ်နေတာ တော်တော်လေးကို။ မိုးရေးဘက်ကလည်း ဝင်လို့မရဘူး။ ဒီဘက်ကလည်း ဝင်လို့မရဘူး” ဟု ပြောသည်။

လူမျိုးရေး အဓိကရုဏ်းကြောင့် နေအိမ်များ မီးရှို့ခံနေရစဉ်

လက်ရှိတွင် အိန္ဒိယနိုင်ငံရှိ ခရိုင် ၅ ခုကို ညမထွက်ရ အမိန့်ထုတ်ထားကြောင်း၊ အင်တာနက်လိုင်းများ ဖြတ် တောက် ထားခြင်းကြောင့် ပြည်မနှင့် အရောင်းအဝယ် လုပ်ငန်းများ အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ထို့နောက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများလည်း ရပ်တန့်သွားကြောင်း သိရသည်။

ကုန်သွယ်ရေး လုပ်ငန်းများ ရပ်တန့်သွားသည်မှာ ရက်ပိုင်းခန့်သာ ရှိသေးသည့်အတွက် လက်ရှိ တမူးမြို့ပေါ်တွင် အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်များသည် ဈေးနှုန်းမြင့်တက်မှု မရှိသေးကြောင်း၊ ပုံမှန်အတိုင်း ဝယ်ယူ၍ ရနေသေးသည်ဟု တမူးမြို့ ဒေသခံများက ပြောသည်။