CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးသို့ နိုင်ငံကူးလက်မှတ် သက်တမ်း လာတိုးလျှင် တစ်ပါတည်း ဝင်ငွေခွန်ကိုပါ ပေးဆောင်သွားရမည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးများက အသီးသီး ထုတ်ပြန်ထားသည်။

တောင်ကိုရီးယားတွင် ဒီဇင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ PJ နှင့် PB နိုင်ငံကူးလက်မှတ် အမျိုးအစား ကိုင်ဆောင် ထား၍ သက်တမ်းတိုးမည့်သူများ၊ သက်တမ်းတိုးမြှင့်ပြီး သူများအနေဖြင့် မိမိထမ်းဆောင်လိုသည့် ကာလများ အတွက် ဝင်ငွေခွန် ထမ်းဆောင်နိုင်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က “ပတ်စပို့ဆိုတာက နိုင်ငံခြားမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခု ဆိုတော့လေ သူတို့တွေအနေနဲ့ မကျေနပ်တော့ မကျေနပ်ဘူးပေါ့။ ယခင်က မဆောင်ရဘူး။ အခုမှ ရုတ်တရက် ဆောင်ရမယ်ဆိုတာမျိုး။ ပြည်သူလူထုရဲ့ သဘော ထား ဆန္ဒကောက်ခံခြင်းတို့၊ သဘောတူညီချက်၊ မြေပြင်အနေအထားကိုလည်း လေ့လာစုံစမ်းမှု မရှိဘဲ တစ်ဖက် သတ်ထုတ်တဲ့ အပေါ်မှာတော့ မကျေနပ်ဘူးပေါ့။ သို့သော်လည်း စာအုပ်ကလည်း မရှိမဖြစ် သက်တမ်းကလည်း တိုးရမယ်။

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးကိုတွေ့ရစဉ်

ကိုယ့်လက်ထဲမှာ ကိုင်ထားရမယ်၊ ဒီစာအုပ်ရှိမှပဲ နိုင်ငံခြားတိုင်းပြည်တွေကလည်းပဲ ဗီဇာ ကိစ္စတွေကို ဆောင်ရွက်လို့ရတယ်ဆိုတော့ တိုးကြရတာပေါ့။ ၆ လစာ တစ်ကြိမ်ဆောင်ရတယ်။ ငွေသားနဲ့ပဲ ဆောင်ရတယ်။ ၃၃၀၀၀ (ဝမ်ငွေ) နှုန်းထား၊ ၃၂၀၀၀ နှုန်းလား မသိဘူး။ သူတို့လည်း သိပုံရပါတယ်။ သက်တမ်း မတိုးဘဲ ဘယ်သူမှ အခွန်လာမဆောင်ဘူးဆိုတဲ့သဘော ယူဆတယ်ထင်တယ်။။ ကျန်တဲ့အချိန်ကြတော့ ဘယ်သူမှ သီးသန့်သွား ဆောင်တာမျိုး မရှိလောက်ဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

စင်္ကာပူနိုင်ငံတွင် ဒီဇင်ဘာ ၁၂ ရက်နေ့မှ စတင်ကာ ဝင်ငွေခွန် ကောက်ယူနေခြင်းဖြစ်ပြီး ဝင်ငွေခွန် ပေးဆောင် ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း အပါအဝင် အခြားကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Student Pass ကိုင်ဆောင်ထားသူများသည် လက်ရှိ ကျောင်းတက်ရောက်နေသော ထောက်ခံစာ တင်ပြနိုင်လျှင် ဝင်ငွေခွန် ကင်းလွှတ်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ အခွန်ထမ်းဆောင်သူ၏ ဇနီး/ခင်ပွန်း၊ မိဘ၊ သားသမီးများအား အိမ်ထောင်စုစာရင်း၊ မွေးစာရင်း၊ လက်ထပ်စာချုပ်များ တင်ပြနိုင်လျှင် မှီခိုသူအဖြစ် သက်တမ်းတိုး ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ပါရှိသည်။

မြန်မာနိုင်ငံသို့ ပြန်မည့်သူများအနေဖြင့်လည်း ဝင်ငွေခွန် ထမ်းဆောင်ပြီးကြောင်း/ မှီခို/ ကျောင်းသား ထောက်ခံစာ ယူဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်းလည်း မြန်မာသံရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် မကြာခင်တွင် အခြားနိုင်ငံများ၌ပါ ဝင်ငွေခွန်များ ပေးဆောင်ရန် သက်ဆိုင်ရာသံရုံးများမှ ထုတ်ပြန် လာကြမည်ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်သည်။

သို့သော် အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ်ဖြင့် အလုပ်လုပ်ကိုင်သူများရှိသကဲ့သို့ နိုင်ငံကူးလက်မှတ်မရှိဘဲ အခြားအထောက်အထား ကဒ်များဖြင့် အလုပ်လုပ်ကိုင်နေသူများလည်း ရှိသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ် ရှိသူများအား သံရုံး၌ ဝင်ငွေခွန်ဆောင်ခိုင်းပြီး အခြားအထောက်အထားကဒ် ကိုင်ဆောင်ထားသူများအား ပုံစံတစ်မျိုးဖြင့် ဝင်ငွေခွန် ကောက်ခံလာနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိုတွေ့ရစဉ်

၎င်းက “ပန်းရောင်ဘတ် (နေထိုင်အလုပ်လုပ်ခွင့်) ကို သူတို့က CI(မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်) နဲ့ တစ်ခါတည်း တွဲထားတာလေ။ အဲဒီအခါကြတော့ CI မလုပ်လို့မှ မရတာကို အခုအချိန်အထိပေါ့။ အဲဒီတော့ CI လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ CI ဆိုတာကလည်း မြန်မာအစိုးရက ထုတ်ပေးရတဲ့ဟာ ကိုဆိုတော့ အဲဒီမှာ ဘယ်လိုပဲဖြစ်ဖြစ် ဒီအထောက်အထားကို လုပ်ကိုလုပ်ရတဲ့အတွက်ကြောင့် ပေးရမှာပဲ။ လုံးလုံး ထိုင်းကနေပြီး သူတို့ဆီက အထောက်အထားနဲ့ပဲ နေလို့ရတယ်ဆိုတာမျိုး ထုတ်ပြန်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဟိုတလောကဆိုရင် ထိုင်းဘက်ကနေ ထုတ်ပေးတဲ့ ပန်းရောင်ကဒ် တစ်ခုတည်းနဲ့ပေါ့၊ Work permit လေး တစ်ခုတည်းနဲ့ နေပြီးတော့ လုပ်လို့ရတယ်ဆိုရင် အဆင်ပြေမယ်ဆိုပြီး အလုပ်သမားတွေက ပြောကြတာ တောင်းဆိုကြတာလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်းနိုင်ငံခရီးစဉ်တွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် MoU မြန်မာလုပ်သားများ တွေ့ဆုံခဲ့ရာ၌ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစု လွှဲပို့ငွေအဖြစ် ဆောင်ရွက်သည့်ကိစ္စနှင့် အခွန် ၂ ရာခိုင်နှုန်း ကောက်ခံသည့် ကိစ္စရပ်များကို ရှင်းပြခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာကို အခြေခံကာ ၂ ရာခိုင်နှုန်းဖြင့် တွက်ချက်၍ ဝင်ငွေခွန်အား ပေးဆောင်ရခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၌လည်း PJ နှင့် PS နိုင်ငံကူးလက်မှတ် စာအုပ်များကို အသစ်ပြုလုပ်လျှင်သော် လည်း ကောင်း၊ သက်တမ်းတိုးလျှင်သော်လည်းကောင်း အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိရန် လိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။