CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၂

ရခိုင်ပြည်နယ်တွင် ပေါ်ဆန်းမွှေးစပါး တင်း ၁၀၀ လျှင် ကျပ်သိန်း ၃၀ အထိ မြင့်တက်လာနေကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။

ယခင်နှစ်များတွင် စပါးဈေးအကောင်းဆုံးအချိန်တွင် အမြင့်ဆုံးဈေးသည် စပါးတင်း ၁၀၀ လျှင် ၁၅ သိန်း ဝန်းကျင် ထိသာရှိခဲ့သည်ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်သို့ မုန်တိုင်းတိုက်ခတ်မည်ဟု ပြောဆိုသံများ ရှိနေသည့်အတွက် စိုးရိမ်စိတ်ဖြင့် စုဆောင်းဝယ်ယူမှုများကြောင့် ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်သည်ဟု ဓညဝတီ တောင်သူလယ်သမားများအဖွဲ့ချုပ်အသင်းမှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ဒေသမှာဆိုရင် ဒီနေ့ပေါက်ဈေးက ၂၇ သိန်းလောက်ရှိတယ် တင်း ၁၀၀ ကိုလေ။ တချို့နေရာမှာဆို သိန်း ၃၀ အထိလည်း ကြားတယ်။ မနေ့က ပေါ်ဆန်းဆန်တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ဒီနေ့မှာ ၁၄၀၀၀၀ လို့ ကြားတယ်။ ပြောမယ်ဆိုရင် ဒီဈေးက ပုံမှန်ဈေး မဟုတ်တော့ဘူး။ တစ်ဖက်မှာ မုန်တိုင်း တိုက်မယ်လို့ ဖြစ်တဲ့ အချိန်မှာ တချို့ မုန်တိုင်းတိုက်ခတ်လို့ ပြီးလို့ရှိရင် စပါးတွေရှာလို့ရမှာမဟုတ်ဘူး။ မုန်တိုင်းကလည်း ဒီဘက်ကို တည့်တည့်လာမယ်ဆိုပြီးတော့ ရခိုင်ပြည်နယ်ကို တိုက်ခတ်မယ်ဆိုပြီးတော့ ကြေညာတဲ့အခါမှာ စိုးရိမ်စိတ်တွေ မြင့်တက်လာကြတယ်။ အဲဒီမြင့်တက်လာတဲ့အခြေအနေမှာ မိသားစုစားဝတ်နေရေးအတွက်ကို တစ်ပတ်စာ၊ ၁၀ ရက်စာဆိုသလို လိုက်ပြီးတော့ ဝယ်နေကြတယ်။ ဝယ်နေတဲ့အခါမှာ မရှိမဖြစ် ဝယ်နေရတဲ့ဟာကို ဈေးက ဈေးတင်တောင်းပြီးတော့ ဈေးကိုမဆစ်တော့ဘဲ ဆန်ရဖို့အတွက် အရေးကြီးတဲ့အခါမှာ ဝယ်ပြီးတော့ အဲဒီလောက် ဈေးတက်နေတာ ရှိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လတွင် ရခိုင်ပြည်နယ်၏ စပါးဈေးနှုန်းသည် စပါးတင်း ၁၀၀ လျှင် ၁၅ သိန်းမှ ၁၇ သိန်းဝန်းကျင်သာ ရှိခဲ့ပြီး ယခုမေလ ဒုတိယပတ်တွင် တင်း ၁၀၀ လျှင် သိန်း ၃၀ ကျပ်အထိမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ယခုနှစ်တွင် ရခိုင်ပြည်နယ်၏ စပါးထွက်ရှိမှုနှုန်းသည် ထက်ဝက်ခန့်လျော့ကျကြောင်း၊ လက်ရှိ စပါးဈေး ကောင်းမွန်နေခြင်းကြောင့် စပါးလက်ကျန် ကျန်ရှိသေးသည့် တောင်သူများအတွက် အကျိုးအမြတ်များစွာရှိကြောင်း၊ ဈေးနှုန်းမြင့်တက်နေမှုကြောင့် လာမည့် စပါးစိုက်ရာသီတွင် တောင်သူများ ပို၍ စိုက်ပျိုးမှုလုပ်လာနိုင်သည်ဟု ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။

“အထွက်နှုန်းက တစ်ဝက်လောက် လျော့သွားတယ်။ တင်း ၁၀၀ ထွက်တဲ့သူက တင်း ၃၀ တို့၊ ၄၀ လောက်ပဲ ထွက်တယ်လေ။ အထွက်နှုန်းလျော့တယ်။ အထွက်နှုန်းလျော့တော့ ဝမ်းစာဖူလုံမှု နည်းနည်းကြပ်သွားတာပေါ့။ တောင်သူတွေကတော့ နည်းနည်းကျန်တဲ့သူက များများရတာပေါ့လေ။ ဈေးကောင်းတော့ နည်းနည်းတော့ စပါး ရှိတယ်။ ဒါပေမယ့် များများဈေးရတယ်။ နောက်နှစ်အတွက်တော့ အားရှိတာပေါ့ ဒီနှစ် စပါးဈေးကောင်းတော့ နောက်နှစ်ဆိုရင် လယ်စိုက်မယ့်သူတွေက များလာကြမယ်။ သွင်းအားစုတွေ များများထည့်မယ်။ စပါးများများ ရအောင် စိုက်ကြမယ်။ လယ်ယာစိုက်ဖို့ စိတ်အားထက်သန်ကြတာပေါ့လေ အခုဈေးကောင်းတော့လေ” ဟု ပြောသည်။

စပါး ခြွေလှေ့နေစဉ်

လက်ရှိ စပါးဈေးအဆမတန်ကောင်းမွန်လာသော်လည်း လယ်သမားအားလုံးနီးပါးတွင် စပါးလက်ဝယ်မရှိကြောင်း၊ ၉၀ ရာခိုင်နှုန်းသော တောင်သူများသည် စပါးများကို သင်္ကြန်ကာလ မတိုင်ခင်ကတည်းကပင် ရောင်းချထားပြီးပြီဖြစ်ကြောင်းနှင့် စပါးကုန်သည်များထံတွင် စပါးရှိကြောင်း တောင်သူများက ပြောသည်။

ရခိုင်ပြည်နယ်၏ စပါးဈေးနှုန်း တင်း ၁၀၀ လျှင် ကျပ် သိန်း ၃၀ ဖြစ်ပေါ်ခြင်းသည် ဆိုးရွားသည့်အခြေအနေတစ်ရပ်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် အကျပ်အတည်း ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် ထိန်းညှိရန် လိုအပ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးပဲ ကောင်းပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တာတွေဖြစ်ရင် စားသုံးသူပြည်သူအနေနဲ့ ဒုက္ခရောက်တယ်။ နောက်တစ်ခါကျတော့ အကျပ်အတည်းတွေ တွေ့ပြီးတော့ အခက်အခဲတွေ ဖြစ်ရင် မကောင်း ပါဘူး။ အဲဒါကြောင့်မို့လို့ ထိုက်သင့်တဲ့အတိုင်းအတာတစ်ခု ဥပမာဆိုပါတော့ ပြည်မမှာ ၁၈ သိန်းပေါက်လို့ ရခိုင်မှာ သိန်း ၂၀ ပေါက်တယ်ဆိုတာ ဒါက ဖြည့်တွက်လို့ ရပါတယ်။ အခုလို လက်ရှိ သိန်း ၃၀ လောက် ပေါက်ပြီးတော့ အခြေအနေတစ်ရပ် ဆိုးဝါးနေခြင်းဟာ အဲဒီဒေသမှာနေတဲ့ တိုင်းရင်းသားပြည်သူတွေအတွက်တော့ အင်မတန် ဆိုးရွားတဲ့အခြေအနေ ပြောမယ်ဆိုရင် မဖြစ်စေလိုဘူး။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ ဥပမာ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းအစိုးရအဖွဲ့တွေရော၊ သက်ဆိုင်ရာ ဗဟိုအစိုးရအနေနဲ့ရော အဲဒါကို ထိန်းချုပ်ဖို့ လိုအပ်မယ်လို့” ဟု ပြော သည်။

လက်ရှိတွင် စပါးဈေးနှုန်း မြင့်တက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆန်ဈေးနှုန်းများသည်လည်း မြင့်တက်လာနေပြီး ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ယခင် ၁၂၀၀၀၀ ကျပ်မှ ၁၄၀၀၀၀ သို့ ရောက်ရှိလာနေကြောင်း၊ ထို့နောက် စပါးစိုက်ပျိုးမှုနှင့် ထွက်ရှိမှုနည်းပါးသည့် ရခိုင်ပြည်နယ်၏ မြို့နယ်များဖြစ်သည့် ကျောက်တော်မြို့နယ် အထက်ပိုင်းနှင့် မင်းပြာမြို့နယ်၊ အမ်းမြို့နယ်ကဲ့သို့ မြို့နယ်များ၏ ဆန်ဈေးနှုန်းများသည် ပို၍ ဈေးနှုန်းမြင့်မားနေမည်ဖြစ်သည်ဟု တောင်သူများက ပြောသည်။

စပါးဈေးမြင့်တက်လာသည်နှင့်အမျှ တစ်ဖက်တွင် ဆန်ဈေးနှုန်းသည်လည်း တစ်ဟုန်ထိုးမြင့်တက်လာသည့်အတွက် အခြေခံလက်လုပ်လက်စားများအနေဖြင့် စိုးရိမ်နေကြကြောင်း၊ သက်ဆိုင်ရာအစိုးရနှင့် ဆန်ကုန်သည်များ၊ စပါးကုန်သည်များက သင့်တင့်မျှတသည့် ဈေးနှုန်းသို့ ရောက်ရှိရန်အတွက် ရခိုင်ပြည်နယ်မှ ဒေသခံပြည်သူများက လိုလားနေကြသည်။