CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၂

ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ မြေကွက်အချို့ကို ယခင်ပေါက်စျေးထက် လျော့သော စျေးနှုန်းဖြင့် ရောင်း ၀ယ်နေကြ‌ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းတွင် ပါ၀င်ခဲ့သူလည်းဖြစ် လက်ရှိတွင်လည်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ ဦးမင်းဦးက CNI သတင်းဌာနသို့ ‌ ပြောသည်။

ဦးမင်းဦးက “ ငွေအင်အားကြီးတဲ့ သူတွေကတော့ ပြန်မရောင်းပါဘူး။ အချို့ ကျတော့ တနိုင်တပိုင်ပေါ့၊ ကိုယ့် လက်ထဲမှာရှိတဲ့ အပိုငွေလေးနဲ့ တစ်ကွက်စာ ဝယ်တယ်၊ နှစ်ကွက်စာ ဝယ်တယ် အဲတာမျိုး ဝယ်တဲ့သူတွေ ရှိတယ် လေ။ သူက ဘယ်လိုလဲဆို ရင်းနှီးမြှုပ်နှံထားတာ။ သို့ပေမယ့် ခုချိန်မှာ သူတို့မှာ ငွေရေးကြေးရေး အခက်အခဲသော် လည်းကောင်း အခြားစီးပွားရေး ရင်းနှီးမြှုပ်နှံမှု ရှိလာတဲ့အခါကျတော့ ငွေရေးကြေးရေး လိုလာတဲ့အတွက် သူတို့ က ပြန်ပြီး ထုတ်ရောင်းတဲ့ သဘောမျိုးပါ။ ဒါ‌ကြောင့်မို့ သူတို့က စျေးကိုလည်း လျှော့ရောင်းတာပါ။ ဒီစီမံကိန်း သည် မခိုင်မာလို့ ၊ မသေချာလို့ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး”ဟု ပြောသည်။

 ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက် နေပြည်တော်တွင် ကျင်းပခဲ့သော Invest Myanmar Summit တွင် NYDC ၏ ပြခန်းသို့ ဦးဖြိုးမင်းသိန်းနှင့်အတူ လာကြည့်သော ဒေါ်အောင်ဆန်းစုကြည်(NYDC)

ရန်ကုန်မြို့သစ် စီမံကိန်းတွင် အရောင်းအဝယ် ပြုလုပ်သည့် မြေကွက် အမျိုးအစား ၅ မျိုးရှိပြီး ယခင်အစိုးရ လက် ထက်က ပေ ၄၀/၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၃၅၀ မှ သိန်း ၄၀၀ အထိ ပေါက်စျေးရှိခဲ့သည်။
လက်ရှိ အချိန်မှာတော့ ပေ ၄၀/၆၀ အမျိုးအစား တစ်ကွက်လျှင် ကျပ်သိန်း ၂၅၀ မှ သိန်း ၃၀၀ ဝန်းကျင်ဖြင့် စျေးပေါက်နေခြင်း ဖြစ်သည်။

အခြားမြေကွက် စျေးနှုန်းများ အနေဖြင့်လည်း ပေ ၆၀ ပတ်လည်ဆိုလျှင် ကျပ်သိန်း ၇၀၀၊ ပေ ၈၀ ပတ်လည် သိန်း ၉၀၀ မှ ၉၅၀၊ ပေ ၁၀၀ ပတ်လည် သိန်း ၁၅၀၀ အထိ ပေါက်စျေးရှိခဲ့ရာမှ ယခုအခါ ပေ ၆၀ ပတ်လည် ကျပ်သိန်း ၃၅၀၊ ပေ ၈၀ ပတ်လည် ကျပ်သိန်း ၄၅၀ မှ ၅၀၀၊ ပေ ၁၀၀ ပတ်လည် ကျပ်သိန်း ၈၀၀ မှ ၉၀၀ အထိဖြင့်သာ အရောင်းအဝယ် ဖြစ်ထွန်းနေသည်။

ဦးသိန်းဝေက ရန်ကုန်မြို့သစ်စီမံကိန်း ပြခန်းကို ဦးဖြိုးမင်းသိန်းကို ရှင်းပြနေစဉ် (NYDC)

ရန်ကုန်မြို့သစ် စီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က စီမံကိန်း အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ယခင်အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှ လုပ်ငန်းစတင်ခဲ့သည်။
ထို့နောက် လက်ရှိ ၂၀၂၂ ခုနှစ်တွင် ဆက်လက် အကောင်အထည် ဖော်သော်လည်း မတည်မငြိမ် ဖြစ်နေသည့် နိုင်ငံရေး အခြေအနေများ‌ကြောင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အားပျော့လာကာ မြေကွက် ဝယ်လိုအား လည်း နည်းပါးလာခြင်း ဖြစ်‌‌‌ကြောင်း သိရသည်။