CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၃

တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့နှင့် ရွှေလီမြို့ရှိ ဂိုဒေါင်များတွင် သိုလှောင်ထားသည့် မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သော ပဲတီစိမ်း တန်ချိန် ၁ သိန်း(အိတ်ရေအားဖြင့် အိတ်ရေ သိန်း ၂၀)ကို တရုတ်အစိုးရက ဧပြီလ ၂၅ ရက်နေ့မှ စတင်၍ ယနေ့အထိ ချိတ်ပိတ် သိမ်းဆည်းထားကြောင်း မူဆယ်နယ်စပ်မှ ပဲကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့ရန် သိုလှောင်ထားသည့် ဝမ်တိန်နှင့် ရွှေလီမြို့က ဂိုဒေါင်များရှိ ပဲတီစိမ်းများကို တရုတ် အစိုးရမှ ချိတ်ပိတ်ထားသလို မြန်မာနိုင်ငံသား အရောင်းကိုယ်စားလှယ် ၃ ဦးကိုလည်း ဖမ်းဆီးချုပ်နှောင်ထား ကြောင်း၊ မည်သူနှင့်မျှ တွေ့ခွင့်မပြုထားကြောင်း မူဆယ်ပဲကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 ပဲတီစိမ်းကို တွေ့ရစဉ်

၎င်းက “ဧပြီ ၂၅ ရက်နေ့မှာ တရုတ်နိုင်ငံ ဝမ်တိန်မြို့မှာရှိတဲ့ ဂိုဒေါင် ၄ လုံးနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာရှိတဲ့ ဂိုဒေါင် ၂ ခုထဲမှာ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့် ပဲတီစိမ်း တန်ချိန် ၁ သိန်း၊ အိတ်ရေအားဖြင့် ကီလို ၅၀ အိတ်ရေ သိန်း ၂၀ ကို တရုတ်နိုင်ငံ အစိုးရကနေပြီးတော့ ဂိုဒေါင်အတွင်းမှာ ထားထားတဲ့ ပဲတွေကို ချိတ်ပိတ်ထားပါတယ်။ ဒီပဲ တွေကို သယ်ဆောင်လို့လည်း မရပါဘူး။ ယူခွင့်လည်း မပြုပါဘူး။ ဒီပဲအားလုံးက ကျနော်တို့ မြန်မာနိုင်ငံမှ မြန်မာ ကုန်သည်တွေ ပိုင်တဲ့ ပဲအိတ်ရေတွေ ဖြစ်ပါတယ်။ ဒါကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကပြီးတော့ ချိတ်ပိတ်ထား ပြီး ဘာမှလည်း ဖြေရှင်းမပေးတဲ့အပြင် ကျနော်တို့ ကုမ္ပဏီ အရောင်းကိုယ်စားလှယ် မြန်မာနိုင်ငံသား ၃ ဦးကို လည်း တရုတ်နိုင်ငံထဲမှာ ဖမ်းဆီးချုပ်နှောင်ထားတာကို လူတောင်မှ တွေ့ခွင့် မပေးပါဘူး။ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ဒီကိစ္စကို အတတ်နိုင်ဆုံး ဖြေရှင်းပေးပါတယ်။ ဒါပေသည့် တရုတ်အစိုးရက မည်သို့မျှ မတုံ့ပြန်ဘဲနဲ့ ဒီကနေ့အထိ ပဲတီစိမ်း တန်ချိန် ၁ သိန်းကို ချိတ်ပိတ်ထားပြီး မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို တရုတ်နိုင်ငံအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးပါရန် ကျနော်တို့ မြန်မာနိုင်ငံမှ ပဲကုန်သည် တစ်ဦးအနေဖြင့် တင်ပြလိုက်ရပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံသို့ အခွန်ဆောင်ရာတွင် အကောက်ခွန် ဝန်ထမ်းများနှင့် ပူးပေါင်း၍ မရိုးသားသည့်နည်းဖြင့် အကောက်ခွန်များကို တိမ်းရှောင်သည်ဟု စွပ်စွဲချက်ဖြင့် အဆိုပါ ပဲတီစိမ်း တန်ချိန် ၁ သိန်းကို ချိတ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်းများ သိုလှောင်ထားစဉ်

ထိုသို့ ချိတ်ပိတ်ခြင်းနှင့် လူကို ဖမ်းဆီးထားခြင်းကြောင့် မြန်မာနိုင်ငံသား ပဲကုန်သည်များ အနေဖြင့် နစ်နာဆုံးရှုံး ကြရသည်ဟု ပဲကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီပဲတွေက ကျနော်တို့ မြန်မာနိုင်ငံ ကနေပြီးတော့ ကျင်စန်းကျော့ဂိတ် ကနေပြီးတော့ တရုတ်နိုင်ငံမှာရှိတဲ့ ဝမ်တိန်မြို့ကို ကျနော်တို့ တရားဝင် အကောက်ခွန်ဆောင်ပြီးတော့မှ ကျနော်တို့ သွားတာ။ ကျနော်တို့ တရုတ် အကောက်ခွန်ဌာနကို ကျနော်တို့ ပဲကားတွေက ဖြတ်သန်းရတယ်။ အဲဒီမှာ တန်ချိန်ကိုလည်း ကျနော်တို့ ချိန်တွယ် ရတယ်။ တန်ချိန်ကို ချိန်တွယ်ပြီးတော့မှ တန်ချိန်ပေါ် မူတည်ပြီးတော့ တရုတ်နိုင်ငံအစိုးရကို ဝင်ငွေနဲ့ ကျနော်တို့ တရားဝင် အခွန်ဆောင် ရပါတယ်။ ဒီလိုတရားဝင် အကောက်ခွန် ဆောင်ထားပေမယ့်လည်း သူတို့က ကျနော်တို့ အကောက်ခွန် ဆောင်တဲ့နေရာမှာ မရိုးသားတဲ့နည်းတွေ ရှိတယ်ဆိုပြီးတော့ အဲဒီစွပ်စွဲချက်နဲ့ အခုလို ချိတ်ပိတ် လိုက်တာ ဖြစ်ပါတယ်။ ရွှေလီနဲ့ ဝမ်တိန်မှာရှိတဲ့ ပဲတွေအားလုံးက ကျနော်တို့ မြန်မာနိုင်ငံသားတွေပိုင်တဲ့ ပဲတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံသား ပဲကုန်သည်တွေ အနေနဲ့ အများကြီး နစ်နာတာ တွေ့ရှိရပါ တယ်” ဟု ပြောသည်။

တရုတ်နိုင်ငံအစိုးရမှ ချိတ်ပိတ် သိမ်းဆည်းထားသည့် ပဲတီစိမ်း တန်ချိန် ၁ သိန်းနှင့် မြန်မာနိုင်ငံသား အရောင်း ကိုယ်စားလှယ် ၃ ဦးကို ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအစိုးရမှ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာခြင်း မရှိသေးကြောင်း သိရသည်။