CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံတွင် အရန် စက်သုံးဆီ ၁ လစာ ရှိနေခြင်းနှင့် ဆီတင်သင်္ဘောများလည်း ထပ်မံရောက်ရှိရန် ရှိနေခြင်း ကြောင့် စက်သုံးဆီ ပြတ်လပ်အောင် ဆောင်ရွက်နေသူများကို ထိရောက်စွာ အရေးယူသင့်ကြောင်း စီးပွားရေး လုပ် ငန်းရှင်များနှင့် စီးပွားရေး လေ့လာသူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီ တင်သွင်းသည့် အပိုင်းတွင် ပြဿနာ မရှိသော်လည်း ဖြန့်ဖြူးရေးအပိုင်း၌ ပြဿနာ ရှိနေကြောင်း ပြောကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် အောက်တိန်း ၉၂ နှင့် ၉၅  စက်သုံးဆီ အမျိုးအစားများ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံအတွင်း၌ စက်သုံးဆီ အလုံအလောက် ရှိနေသည်ကို ပြတ်လပ်မှု ဖြစ်ပေါ်စေရန်အတွက် လုပ်ဆောင်နေ ခြင်းသည် စီးပွားရေးအရ တိုက်ခိုက်မှုဖြစ်ပြီး ရိုးသားမှု မရှိကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ပြတ်လပ်အောင် လုပ်ဆောင်နေသူများကို အရေးယူသင့်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ ဆိုင်တစ်ခုကိုတွေ့ရစဉ်

၎င်းက “မနေ့က သတင်းထုတ်ပြန်ရေး အဖွဲ့ကလည်း ပြောတယ်လေ၊ သူတို့မှာ အရန်ဆီ ၁ လစာ ရှိတယ်။ နောက်ထပ်လည်း ဆီသင်္ဘောတွေက ဒီနေ့ဆို ၄ စီး ဝင်မယ်၊ နောက်ထပ် ၁၅ စီး ထပ်ဝင်ဖို့ ရှိတယ်။ ဆိုတော့ ဒါက စက်သုံးဆီ ဖြန့်ဖြူးတဲ့အပိုင်းမှာပဲ ပြဿနာ ရှိတာပေါ့။ စက်သုံးဆီ တင်သွင်းတဲ့အပိုင်းမှာ ပြဿနာ မရှိတဲ့အတွက် ဖြန့်ဖြူးတဲ့အပိုင်းမှာ ဘာကြောင့် ဖြစ်နေရတာလဲဆိုတာ စဉ်းစားရတာပေါ့။ အဲဒါတော့ ရှင်းရှင်းပြောရရင်တော့ စက်သုံးဆီ ဖြန့်ဖြူးရေးအပိုင်းမှာ ရန်ကုန်တိုင်းမှာ ရန်ကုန်တိုင်း အစိုးရရဲ့ စီမံခန့်ခွဲမှု လိုတယ်၊ ပြီးတော့မှ မေးစမ်းမှု လုပ်သင့်တယ်ပေါ့နော်။ တချို့ ဆီဆိုင်တွေကလည်း ဆီကို ဘာလို့ မဖြန့်ပေးတာလဲပေါ့နော်၊ ဒါကလည်း ရှင်းရှင်း ပြောရင်တော့ စီးပွားရေးအရ တိုက်ခိုက်မှု၊ နိုင်ငံရေးအရ တိုက်ခိုက်မှုတွေကလည်း ရိုးသားမှု မရှိဘူးလို့ ဆရာတို့ ယူဆတယ် ဒီအခြေအနေမှာ။ အခုလည်း စမ်းချောင်းထိပ်ကဆိုင်မှာ မနက်ကတောင် ၉၂ ရတယ်၊ အခု ၉၂ ပါ ပြတ်သွားပြီ။ ဒါဘာလို့ ပြတ်တာလည်း၊ ပြတ်အောင်လုပ်စရာလည်း မရှိဘူး။ သွင်းလည်းသွင်းတယ်၊ ၉၂ ဆိုလို့ရှိရင် ၁ ဒသမ ၃ သန်းကျော်လောက် Stock ရှိတယ်လို့ မနေ့က ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသွားတာပဲလေ။ ဆိုတော့ ဒီလောက်ပြတ်စရာ လမ်းမှမရှိဘဲ၊ ပြတ်အောင်လုပ်တယ်ဆိုကတည်းက ရှင်းရှင်းပြောရင်တော့ ပြတ်အောင်လုပ်တဲ့ သူကို အရေးယူ ဆောင်ရွက်သင့်တယ်လို့ပဲ ယူဆတယ်” ဟု ပြောသည်။

ပြည်တွင်းတွင် စက်သုံးဆီ လက်ကျန်သည် ၉၂ သည် ဂါလန် ၁၃ သန်းကျော်၊ ဒီဇယ်သည် ဂါလန် သန်း ၃၀ ကျော် ရှိပြီး စက်သုံးဆီတင် သင်္ဘော ၁၅ စီးနီးပါး ထပ်မံရောက်ရှိမည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့နောက် တစ်လစာအတွက် အရန်စက်သုံးဆီ ထားရှိရန် ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ တင်သွင်းမည့် လုပ်ငန်းရှင်များကိုလည်း အစိုးရမှ ဒေါ်လာရောင်းချပေးနေကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ၉၂ အမျိုးအစား စက်သုံးဆီ ခွဲတမ်းကို လျှော့ချလာကြောင်း၊ ပုံမှန်ထက် ၄ ပုံ ၁ ပုံသာ ရရှိတော့သည်ဟု ရခိုင်ပြည်နယ်မှ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ ဆိုင်တစ်ခုကိုတွေ့ရစဉ်

၎င်းက “ရခိုင်က အခြေအနေလည်း အဲဒီလိုပဲပေါ့ ပြတ်တယ်၊ ဆီက ခွဲတမ်း လျော့သွားတာ၊ ခွဲတမ်းက ၄ ပုံ ၁ ပုံပဲ ပေးတော့တာလေ။ လောက်ငှမှု မရှိတော့ဘူးပေါ့ ရောင်းရတာ။ ထပ်လျော့သွားတာပေါ့ ခါတိုင်း လီတာ ၈၀၀၀ လောက်ပေးတာ အခု ၂၀၀၀ ပဲ ပေးတော့တယ်။ အခု ပြတ်တာ၊ လျော့တာက ၉၂ တစ်မျိုးပဲ လျော့တာ။ ၉၂ နဲ့ ၉၅ လျော့တာ။ တခြားဆီခွဲတမ်းက ဒီဇယ်တို့၊ ပရီမီယံတို့က ရတယ်။ ခွဲတမ်းလျော့ရင်တော့ ၉၂ ကတော့ ကားအသေး တွေ၊ ဆိုင်ကယ်တွေ အသုံးများတာပေါ့။ ခွဲတမ်းလျော့တော့ ဒီမှာ ရောင်းရတာ မလောက်မငှဖြစ်တော့ ခရီးသွား လာတဲ့ သူတွေကတော့၊ ကျောင်းတက်၊ ရုံးသွား၊ ဈေးသွား ဆိုင်ကယ်တွေ၊ ကားလေးတွေကတော့ အခက်အခဲ ဖြစ်မှာပေါ့။ ဆီခွဲတမ်း အပြည့်အဝ ရချင်တာပေါ့။ အပြည့်ရမှပဲ ကျနော်တို့က အရောင်းအဝယ် ပုံမှန်လုပ်လို့ ရမှာ ကို။ ခရီးသွားပြည်သူတွေလည်း ပုံမှန်သွားလာလို့ ရမှာ။ ဆီပြတ်တယ်ဆိုလို့ရှိရင် ဈေးနှုန်း ကမောက်ကမ ဖြစ် တယ်။ ရောင်းရတာလည်း အခက်အခဲဖြစ်တယ်၊ ဆိုင်မှာဆီပြတ်နေတဲ့ အခါကျတော့” ဟု ပြောသည်။

စက်သုံးဆီ အရောင်းဆိုင်များအတွက် လိုအပ်သည့် ဆီများကို ပုံမှန်ထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချလိုက် ခြင်းကြောင့် စီးပွားရေး အချက်အချာကျသည့် ရန်ကုန်အပြင် တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စက်သုံးဆီ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။

လက်ရှိတွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကယားပြည်နယ်နှင့် ကျောက်စိမ်းတူးဖော်ရာ ဖားကန့်ဒေသများသို့ စက်သုံးဆီ ဖြန့်ဖြူးပေးနိုင်ခြင်း မရှိခြင်းကြောင့် စက်သုံးဆီ ဆိုက်ရောက်ရာ ရန်ကုန်သည် စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်ရန် အကြောင်းမရှိ ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ထို့ကြောင့် လက်ရှိ ဖြစ်ပေါ်နေသည့် စက်သုံးဆီ ပြဿနာသည် စက်သုံးဆီ တင်သွင်းနေကြသည့် လုပ်ငန်းရှင်များ ၏ ဈေးနှုန်းမြှင့်တင်လိုသော လုပ်ဆောင်ချက် ဖြစ်နိုင်ခြင်းကြောင့် အစိုးရအနေဖြင့် စနစ်တကျ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။