CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရှိသဖြင့် တန်ဆောင်တိုင်ပိတ်ရက်အတွက် ဟိုတယ်ဘိုကင်ယူထားမှုများသည် အခန်းအားလုံးအပြည့်နီးပါးဖြစ်နေကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မူ တိုက်ပွဲများဖြစ်ပွားနေသဖြင့် လာရောက်သည့် ခရီးသွားဧည့်သည်မရှိကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက် မှ ၂၇ ရက်နေ့အထိ ၇ ရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်သဖြင့် လက်ရှိတွင် ဟိုတယ်အခန်း မရှိသလောက်ဖြစ်နေပြီဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်း ဌာနသို့ ပြောသည်။

လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား ပါစင်ကျော်ရွာအနီးတွင် ပိတ်မိနေသည့် ပြည်သူများအားတွေ့ရစဉ်

“တန်ဆောင်တိုင်ကတော့ အခန်းရဖို့ကတော့ နည်းနည်းခက်သွားမယ့် အနေအထားရှိတယ်။ တော်တော်များများ တော့ ပြည့်နေကြပြီ။ အခုတောင်မှ ၂၆ တို့ ၂၅  အဲဒီရက်တွေဆိုရင် လုံးဝမရတော့ဘူး အခန်းက။ မရှိကိုမရှိဘူး အဲဒီလိုဖြစ်နေတာ ဘယ်မှာမှ။ အခုနေ လိုက်မေးရင်တောင် မရဘူး။ အခုနေလိုက်မေးရင်တောင် အဲဒီ ၂၅ တို့၊ ၂၆ တို့ဆို မရှိတော့ဘူး ဟိုတယ်တွေက။ တန်ဆောင်တိုင်ပိတ်ရက်လည်းကျတယ်၊ ပြီးသွားတော့ ရုံးရက်ရှည် ပိတ်ရက် လည်း ဆက်သွားတာလည်း ပါတာပေါ့ ၃ ရက်ဆက်တိုက် ပိတ်သွားတဲ့အနေအထားလေးပါ။ တောင်ကြီးပြီးရင် ကလောကို ပြန်ဆက်သွားမှာကို။ ဒီဇင်ဘာ ၁ ရက်နေ့လောက်ထိကို ကလောမီးရှော်တိုင်က ထပ်ဆက်သွားဦးမှာ။ ဆက်သွားတော့ အဲဒီဘက်မှာလည်း အခန်းတွေပြည့်နေမှာပဲ အကုန်လုံး တောက်လျှောက်ပေါ့” ဟု ၎င်းက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလ၌ တစ်ညလျှင် မီးပုံး ကိုးလုံးခန့်အထိ လွှင့်တင်သွားရန်ရှိပြီး နေ့ခင်းဘက်တွေလည်း နေ့ပိုင်းအလှမီးပုံးများကို လွှင့်တင်သွားရန်ရှိကြောင်းသိရသည်။

ထို့အပြင် ယခုနှစ် မီးပုံးပျံပွဲတော်အား ကိုဗစ်မတိုင်ခင်ကာလက ကျင်းပခဲ့သည့် အခြေအနေမျိုးကို ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ-တရုတ်နယ်စပ် BP (၁၂၅)၌ ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယခုကဲ့သို့ ဟိုတယ်ဘိုကင်ယူထားမှုနှင့် ပွဲတော်များရှိနေသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်ရှိ၌ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ခရီးသွားဧည့်သည့် ဝင်ရောက်မှု မရှိသလောက် ဖြစ်ကာ ရှိနေသည့် ခရီးသွားများမှာလည်း ပြန်ကုန်ကြပြီဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုနှစ် ခရီးသွားရာသီတွင် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ခရီးသွား ဝင်ရောက်နိုင်ခြေမရှိသလောက် ဖြစ်သွားကာ လာမည့် ၂၀၂၄ နှစ်ကုန် ခရီးသွားရာသီကိုသာ စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီအတိုင်းသာဆို တော်တော်လေးလျော့သွားမှာပါ။ ဒီပွင့်လင်းရာသီကတော့ မျှော်မှန်းလို့မရဘူးဖြစ်နေတယ်ပေါ့ အခုအနေအထားက။ မနှစ်ကတော့ ခရီးသွားဝင်ရောက်မှု တော်တော်လေးကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မနှစ်ကဆို ဒီအချိန် ရာနှုန်းပြည့်ပဲ။ ဟိုတယ်အခန်းတွေဆိုရင် ဘိုကင် ၃၊ ၄ ရက်လောက် ကြိုမယူရင် မရနိုင်ဘူး။ Work in ဝင်မယ်ဆိုရင် အခန်းမရနိုင်တဲ့အနေအထားမျိုး။ မနှစ်က ပွင့်လင်းရာသီနဲ့ ဒီနှစ် ပွင့်လင်း ရာသီကတော့ ဘာမှ မဆိုင်တော့ဘူးပေါ့။ အခုတော့ လောလောဆယ်တော့ တော်တော်လေးကို ကျနေတာပေါ့။ နေရာတကာမှာ တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့ ခရီးသွားကတော့ မရှိသလောက်ပဲပေါ့။ တချို့ကြတော့လည်း နေရပ်ပြန်ဖို့တောင် မနည်းကြိုးစားနေရတဲ့ အနေအထားတွေပေါ့။ အဲဒီတော့ ခရီးသွားကတော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ အခုနယ်စပ်မှာ ဘာပဲများနေလဲဆိုတော့ တိုက်ပွဲရှောင်တွေပဲ များနေတာ။ တရုတ်နိုင်ငံသား ခရီးသွားကတော့ ဝင်လာတာ မရှိသေးပါဘူး။ အခုအနေအထားဆို ဧည့်သည်က မရှိသလောက်ဖြစ်သွားတာပေါ့။ လျော့သွားတဲ့အတွက် ဟိုတယ်လုပ်ငန်းရှင်တွေ၊ ခရီးသွားလုပ်ငန်းရှင်တွေကတော့ ထိခိုက်တာပေါ့” ဟု ၎င်းက ပြောသည်။

လားရှိုးမှ တိုက်ပွဲရှောင်များ(ဓါတ်ပုံ-RFA)

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသည် ယခင်ကတည်းက ပြည်ပခရီးသွားဝင်ရောက်မှု ကန့်သတ်ခံထားရသဖြင့် ခရီးသွားဝင်ရောက်မှုနှုန်းကျဆင်းခြင်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများပြီးဆုံး၍ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး ပြန်လည် ကောင်းမွန်ကာ ကုန်စည်စီးဆင်းမှုများလည်း ပုံမှန်လည်ပတ်လာနိုင်မှသာလျှင် ရှမ်းပြည်နယ်မြောက်ပိုင်း၏ ခရီးသွားကဏ္ဍ ပြန်လည်အဆင်ပြေလာမည်ဖြစ်ကြောင်း ထောက်ပြကြသည်။

ထို့အပြင် လက်ရှိတွင် အောက်တိုဘာ ၂၇ ရက်နေ့၌ စတင်ဖြစ်ပွားသည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ လေကြောင်းလိုင်းပြေးဆွဲမှုများအား အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက ပိတ်ထားခြင်းဖြစ်ပြီး ယနေ့အထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးကြောင်း သိရသည်။