CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်အတွက် လက်ရှိတွင် တောင်ကြီး၊ ကလော၊ ညောင်ရွှေ စသည့်မြို့များတွင် ဟိုတယ်ဘိုကင်များ ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။
တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့ (တန်ဆောင်မုန်း လပြည့် နေ့)အထိ ၇ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် ဟိုတယ်ဘိုကင် ၈၀ ရာခိုင်နှုန်းခန့် ပြည့်နေပြီ ဖြစ် သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်ကတော့ ဟိုတယ်ဘိုကင်တွေကတော့ ကျနော်သိသလောက်တော့ ပြည့်သလောက် ဖြစ်နေပြီဗျ ကလောနဲ့ တောင်ကြီးကတော့လေ။ အင်းလေးတော့ နည်းနည်းကျန်တယ်ဗျ။ မနေ့က မိတ်ဆွေ တစ်ယောက်ကို လှမ်းပြီးတော့ မေးကြည့်တော့ တော်တော်လေး မေးရတယ် ဟိုတယ်တွေ တော်တော်များများ ပြည့်နေကြပြီ။ ပြောရမယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက် ပြည့်နေပြီပေါ့။ ခရီးသွား အခြေအနေကတော့ ကျနော်တို့ မှန်းပါတယ် ခါတိုင်းနှစ်တွေလိုပဲ ဒေသခံတွေကလည်း ဒီအနားပတ်ဝန်းကျင် တောင်ကြီးသားတွေကလည်း မီးပုံးပျံ ပွဲဆိုတာ သူတို့အတွက်ကတော့ တကယ့်ကို ခရေဇီဖြစ်တဲ့ ပွဲတော်တစ်ခုပဲလေ။ မီးပုံးပျံပွဲရာသီဆိုတာနဲ့ သူတို့က မရဘူး၊ အဲဒီအတွက် ဒေသခံလူထုကလည်း အများကြီးလာမယ်လို့ မျှော်လင့်ထားပါတယ်။ အလားတူပဲ ကျနော်တို့ တောင်ကြီးတို့၊ ကလောတို့၊ အင်းလေးဒေသဆိုတာ နယ်မြေတည်ငြိမ်အေးချမ်းတဲ့ဒေသဖြစ်တဲ့အတွက် ပြည်တွင်း က မန္တလေး၊ ရန်ကုန် စသဖြင့်ပေါ့လေ နေပြည်တော် အဲဒီဘက်က ခရီးသွားတွေလည်း တန်ဆောင်တိုင် ကာလ အချိန်မှာ လာရောက်လည်ပတ်မယ်လို့ မျှော်မှန်းထားပါတယ်ဗျ” ဟု ပြောသည်။
ပွဲတော်ရက်အတွင်း တစ်ရက်လျှင် မီးပုံးပျံ ၇ လုံးမှ ၉ လုံးအထိ လွှတ်တင်မည်ဖြစ်ပြီး စုစုပေါင်း ညလွှတ် မီးပုံးပျံ အလုံး ၆၀ ကျော်နှင့် နေ့လွှတ် အရုပ်များလည်း ပါဝင်သွားမည် ဖြစ်သည်ဟု သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပြုလုပ်နေစဉ်
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပခဲ့သော်လည်း လာရောက် လည်ပတ်သူ နည်းပါးခဲ့ကြောင်း၊ ထို့နောက် ယခုနှစ်တွင်လည်း နယ်မြေတည်ငြိမ်မှု မရှိသည့်အချိန်၊ ကုန်ဈေးနှုန်း မြင့်တက်ချိန်တွင် ပွဲတော်ကျင်းပခြင်းနှင့်ပတ်သက်၍လည်း ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။
ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသက်လွင်တိုးက “ပြောရခက်ပါတယ်။ သွားမယ့်သူက သွားကြမှာပဲလေ ပြည်တွင်းတွေပေါ့။ အခုလည်း အင်းလေးလည်း အခြေအနေ ဆိုးပေမယ့် သွားတဲ့သူက သွားတာပဲ။ ကလောလည်း အခုထိ နလန်ထူဖို့ လုပ်နေတုန်းပေါ့နော်။ ဒါပေမယ့် သွားတဲ့သူက သွားမှာပဲ။ အင်းလေးကတော့ ဒီနှစ် ဖောင်တော်ဦး မလုပ်ဖြစ်ဘူးပေါ့နော်။ မလုပ်ဖြစ်တာလည်း ကောင်းကောင်းပေါ့။ အကုန်လုံးက ရေဘေးသင့်သွားတာကိုး။ တောင်ကြီးတန်ဆောင်တိုင်ကတော့ သူတို့ လုံခြုံရေး သူတို့ အစီအမံတွေ ကောင်းတယ်ဆိုရင်တော့ ဘာမှမဖြစ်တော့လည်း အစဉ်အလာမပျက် လုပ်ဖြစ်သွားတာပေါ့။ ဒါပေမယ့် ခုနကပြောသလိုပေါ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်သာလုပ်ကြပေမယ့် ပြည်သူရဲ့ စိတ်မှာတော့ အကုန်လုံးက တကယ် မပျော်နိုင်ကြဘူးပေါ့နော်။ အဲဒါတွေကတော့ တကယ် ရသအစစ်ကိုပေါ့နော်၊ အကုန်လုံး မခံစားနိုင်ဘူးပေါ့နော် လက်ရှိအခြေအနေကြောင့်ပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
တောင်ကြီးမြို့တွင် ဟိုတယ် အလုံးရေ ၄၇ လုံး၊ ကလောတွင် ဟိုတယ် ၇၂ လုံးနှင့် ဟိုတယ်အားလုံး ဖွင့်လှစ်ထား လျက်ရှိနေပြီး အင်းလေးဒေသ ညောင်ရွှေမြို့နယ်တွင် ဟိုတယ် ၁၁၀ တွင် ၅၆ လုံး ပိတ်ထားကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွက် တချို့သောဟိုတယ်များသည် အောက်တိုဘာ ၂၆ ရက်နေ့ ကတည်းကပင် ဘိုကင်ပြည့်နေပြီဖြစ်ကြောင်း သိရသည်။