CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇

မြန်မာ့တပ်မတော်အနေဖြင့် ရွေးကောက်ပွဲမတိုင်ခင်ကာလတွင် ထိုးစစ်ဆင်ရာတွင် နေရာဒေသ၊ အဖွဲ့အစည်း တစ်ခု သတ်မှတ်၍ စစ်ဆင်ရေးကြီး လုပ်ရန်မရှိဘဲ ရွေးကောက်ပွဲလုံခြုံရေးအတွက် အဓိကထားလုပ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် အလယ်ပိုင်းဒေသ အပါအဝင် အချို့ဒေသများ၌ ပြင်းထန်စွာထိုးစစ်ဆင် တိုက်ခိုက် နေမှုများသည့် ရွေးကောက်ပွဲ အပိုင်း (၁) အဖြစ် ကျင်းပပြုလုပ်မည့် မဲဆန္ဒနယ်မြေ ၁၀၂ မြို့နယ် အတွက် လုံခြုံ ရေး ခြံစည်ရိုးလိုက်ကာသည့် သဘောတွေ့ရကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ရွေးကောက်ပွဲ မတိုင်ခင်ကတော့ စစ်မျက်နှာပြင်ကို ကျုံ့နိုင်သလောက် ကျုံ့ပြီးတော့  လုံခြုံတဲ့ pocket ဧရိယာလေးတွေဖန်တီးပြီးတော့ ရွေးကောက်ပွဲကို လုပ်သွားချင်တဲ့သဘောလို့ယူဆပါတယ်။ ဒါကြောင့် အခုက လိုက်ပြီးတော့ ရှင်းနေတာက ခြံစည်းရိုးကာတဲ့သဘောပေါ့။ ရွေးကောက်ပွဲလုပ်မယ့် ဂွင်တွေမှာ အနှောင့်အယှက် မရောက်အောင် ခြံစည်းရိုးလိုက်ကာတဲ့ သဘောမျိုးလို့ တွေ့ရပါတယ်။ တစ်ဖက် တစ်ဖက်ကို ခြေမှုန်းပြီးတော့ စစ်ဆင်ရေးကြီး လုပ်မယ့်ပုံတော့ မရှိပါဘူး ကြည့်ရတာတော့။ မဲဆန္ဒနယ်မြေ ၁၀၀ ကျော်မှာ လုပ်မယ်ဆိုတော့ အဲဒီ မဲဆန္ဒနယ်မြေ လုံခြုံဖို့အတွက် နည်းနည်းလေး ကာထားတဲ့သဘောမျိုးတွေ  လုပ်နိုင်တာ ပေါ့။ အဓိက,ကတော့ ရွေးကောက်ပွဲလုပ်မယ့် မဲဆန္ဒနယ်မြေတွေကတော့ ဦးစားပေးပြီးတော့ ပြန်လည်သိမ်းပိုက် နေတဲ့ သဘောလို့ ယူဆပါတယ်” ဟု ပြောသည်။

PDF တပ်ဖွဲ့ကို တွေ့ရစဉ်

လက်ရှိတွင် မြန်မာ့တပ်မတော်အနေဖြင့် လက်လွှတ်ဆုံးရှုံးထားသည့် ဒေသများထဲကမှ နောင်ချို၊ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကိုင်၊ ကော့ကရိတ်- သင်္ဃန်းညီနောင်- မြဝတီ အာရှလမ်းမကြီး တစ်လျှောက်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီး ဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန်း နေရာအသီးသီး အပါအဝင် ဒေသအချို့တို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မန္တလေးတိုင်းဒေသကြီး အထက်ပိုင်းတို့တွင်လည်း မြန်မာ့တပ်မတော်နှင့် PDF ပူးပေါင်းတပ်ဖွဲ့များအကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်  ဖြစ်ပွားနေကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။

မြန်မာ့တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်လာမှု အခင်းအကျင်းများအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ တည်ငြိမ်အေးချမ်းသွားရန်မှာ မဝေးတော့ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမော်ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ထားစဉ်

၎င်းက “ပြောရရင်တော့ ပြောက်ကျားမှာက ကျနော်တို့ general ဥပဒေသ ရှိပါတယ်။ အဲဒါကတော့ ကျနော် ပြောလို့ရတာပေါ့နော်။ ဒါကတော့ ပြောက်ကျား ဆိုတာက အောင်မြင်လို့ရှိရင် ဝုန်းခနဲကျနော်တို့ ထိုးတက်တယ်။ ကျလို့ရှိရင် ဝုန်းခနဲ ကျတယ်ပေါ့။ ဒါက မှန်ကန်ချက်ပေါ့။ ပြောရမယ်ဆိုရင်တော့ အခု နိုင်ငံရေးစစ်ရေး အားလုံး ချွတ်ခြုံကျသွားတဲ့ အနေအထားမှာ အထူးသဖြင့် အလယ်ပိုင်းဒေသတွေက မြန်မြန်ကြီး အေးချမ်းသွားဖို့က မဝေး ဘူးလို့ ကျနော်တို့ မြင်တယ်လေ။ ဝုန်းခနဲထိုးကျမှာပါ” ဟု ပြောသည်။

မြန်မာ့တပ်မတော်သည် ရွေးကောက်ပွဲ မကျင်းပခင် ကာလအထိ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေဒေသများ ထဲကမှ ၎င်းတို့ ရနိုင်သမျှ နယ်မြေတွေကို ထိုးစစ်ဆင်တိုက်ခိုက်ကာ ပြန်လည်ရယူလာနိုင်ပြီး ရွေးကောက်ပွဲကို လုပ်ဆောင်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်လျက်ရှိသည်။

ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်ရာတွင်လည်း လေကြောင်းသာမက မြေပြင်တပ်များဖြင့်ပါ တန်ပြန်ထိုးစစ်ဆင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် ရွေးကောက်ပွဲ မတိုင်ခင်ကာလအထိ စစ်ရေးမှာ ပိုမိုကျယ်ပြန့် လာနိုင်ဖွယ်ရှိကြောင်းလည်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။