CNI International News

ကာရာကက်စ်၊ စက်တင်ဘာ ၁၇

အမေရိကန်နှင့် ဗင်နီဇွဲလားကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များသည် နှစ်နိုင်ငံတင်းမာမှု ကြောင့် မဟုတ်ဘဲ အမေရိကန်၏ ရန်စမှုကြောင့်သာဖြစ်သည်ဟု ဗင်နီဇွဲလားသမ္မတ မာဒူရိုက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများကို နှိမ်နင်းရန်ဆိုသည့် ကြေညာချက်ဖြင့် ကာရစ်ဘီယံ ဒေသတောင်ပိုင်းတွင် အမေရိကန်၏စစ်အင်အားကို ဖြန့်ကြက်ခဲ့သည်။

ယခုလအတွင်း အမေရိကန်စစ်တပ်သည် ဗင်နီဇွဲလားနိုင်ငံမှ ထွက်ခွာလာသည့် သင်္ဘောတစ်စင်းကို တိုက်ခိုက် နှစ်မြှုပ်ပြီး လူ ၁၁ ဦးကို ချေမှုန်းခဲ့သည်။

ထရမ့်အစိုးရအဖွဲ့ကမူ ထိုသင်္ဘောသည် တရားမဝင် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မာဒူရိုကမူ အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံအပေါ် ရာဇဝတ်မှုမြောက်သော တိုက်ခိုက်မှုကို တရားမျှတ သည့် ပုံစံဖြစ်အောင် ကြိုးပမ်းနေကြောင်း ဗင်နီဇွဲလားထိပ်သီး စစ်ခေါင်းဆောင်များနှင့် အရာရှိများ တက်ရောက် ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ဒါတွေက တင်းမာမှုကြောင့် မဟုတ်ပါဘူး။ ရန်စမှုကြောင့် ဖြစ်ခဲ့ရတာပါ။ သူတို့က ကျနော်တို့ကို ရာဇဝတ်သား တွေကို ဆက်ဆံတဲ့ အချိန်မျိုး၊ နိုင်ငံရေးဖိနှိပ်မှုတွေ ပြုလုပ်တဲ့အချိန်မျိုး၊ သံတမန် ဖိအားပေးတဲ့ အချိန်မျိုးနဲ့ စစ်ရေးအရ ရန်စတဲ့ အပြုအမူတွေ ပြုလုပ်နေတဲ့ အချိန်မျိုးတွေမှာ တရားမျှတမှု ရှိသယောင်နဲ့ ပုံဖော်နေတာ ဖြစ်ပါတယ်" ဟု မာဒူရိုက ပြောကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်

ထို့ပြင် ဗင်နီဇွဲလားနှင့် အမေရိကန်အစိုးရကြား ဆက်သွယ်ရေး လမ်းကြောင်းများ ထိခိုက်ခဲ့သော်လည်း အမေရိကန်မှ ဗင်နီဇွဲလားနိုင်ငံသားများကို ပြန်လည်ပို့ဆောင်ရေးအတွက် အခြေခံ ထိတွေ့ဆက်ဆံမှု ဆက်ရှိ နေဆဲဖြစ်သည်ဟု မာဒူရိုက ပြောကြားခဲ့သည်။

"အမေရိကန်အစိုးရနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေက မရှိတော့ပါဘူး။ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို အကြောင်းပြပြီး အမေရိကန်ဘက်က ဗင်နီဇွဲလားနဲ့ ဆက်ဆံရေးတွေကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုလအတွင်း ဗင်နီဇွဲလားမှ ထွက်ခွာလာသည့် သင်္ဘောတစ်စင်းကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တရားမျှတမှု ရှိကြောင်း ခိုင်လုံသည့် အချက်အလက်များကို တင်ပြရန် အမေရိကန်လွှတ်တော်က တောင်းဆိုထားသည့်တိုင် ထရမ့်အစိုးရအဖွဲ့သည် ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အချက်အလက် အနည်းငယ်သာ ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်ခံခဲ့ရသည့် ထိုသင်္ဘောပေါ်တွင် ဗင်နီဇွဲလားနိုင်ငံ၏ Tren de Aragua ဒုစရိုက်ဂိုဏ်းဝင်များ ပါဝင်ခဲ့ သည်ဆိုသည့် အမေရိကန်၏ ပြောကြားချက်ကို ဗင်နီဇွဲလားက ငြင်းဆိုခဲ့သည်။

ထို့ပြင် အမေရိကန်သည် ၎င်းအား ရာထူးမှ ဖြုတ်ချရန် မျှော်လင့်နေသည်ဟုလည်း မာဒူရိုက ပြောကြားခဲ့သည်။

Source: ရိုက်တာ