CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉
ထိုင်းနိုင်ငံသား လုပ်သားနှင့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတို့အကြား အနိမ့်ဆုံး လုပ်ခလစာမှာ ကွာခြားမှု မရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြု ပြောကြားလိုက်သည်။
အနိမ့်ဆုံး လုပ်ခလစာ ကွာခြားမှု မရှိသည်မှာ မှန်ကန်သော်လည်း မြေပြင်တွင်မူ ထိုင်းနိုင်ငံသား လုပ်သားများမှ လုပ်ခလစာ ပိုမိုရရှိကြပြီး နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားများမှာမူ အနိမ့်ဆုံး လုပ်ခလစာ အတိုင်းသာ ရရှိကြ ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ထောက်ပြကြသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “တချို့အလုပ်တွေကြတော့ သူတို့သတ်မှတ် ပေးထားတာ ကျွမ်းကျင်မှု ပိုင်းဆိုင်ရာ အဲဒါမျိုးအလုပ်တွေက ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်လို့မရဘူး။ အဲဒါမျိုးမှာ ပိုက်ဆံက တော့ သူတို့က ပိုရတာပေါ့။ မနှစ်ကတုန်းက သူတို့ သတ်မှတ်လစာတွေ တိုးတယ်။ ကျွမ်းကျင် လုပ်သားတွေ လုပ်ငန်း အမျိုးအစား အားလုံး ပေါင်း ၁၂ မျိုးလား မသိဘူး သူတို့တိုးလိုက်တယ်။ အဲဒီ ၁၂ မျိုးထဲမှာ အထူးသဖြင့် တော့ တချို့ဟာက ထိုင်းအလုပ်တွေ ပါတယ်။ မြန်မာလုပ်လို့မရတဲ့ အလုပ်တွေရှိတယ်လေ။ ဆိုတော့ အဲဒီအပိုင်း မှာ ကျွမ်းကျင်လုပ်သားတွေကို လစာတိုးပေးတာရှိတယ်။ တချို့တွေဆို ၄၀၀ ကျော်ကနေ ၆၀၀ ကျော် အဲဒီ လောက်အထိ ရတယ်။ အလုပ်သဘောအရ ပြည်နယ်တွေအလိုက် ခွဲထားတာပေါ့ လုပ်ခလစာတွေက။ အဲဒီ ပြည်နယ်အလိုက် ခွဲထားတဲ့ အခြေခံ လုပ်ခလစာတွေတော့ အကုန်လုံးရတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။
ထိုင်းရောက် နိုင်ငံခြားသား အလုပ်သမားများကိုတွေ့ရစဉ်
သို့သော် လုပ်ငန်းခွင်၌ ကျွမ်းကျင်မှုအပေါ် မူတည်ကာ လုပ်ခလစာ ရရှိမှုအပိုင်းမှာ ကွဲပြားသွားသော်လည်း နိုင်ငံ ခြားသား ရွှေ့ပြောင်းလုပ်သား အများစုရရှိသည့် လုပ်ခလစာမှာ အနိမ့်ဆုံး သတ်မှတ်ထားချက် အတိုင်းသာ ရရှိကြ ခြင်း ဖြစ်ကြောင်း၊ အချို့နယ်စပ် ဒေသများတွင်မူ သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာထက် လျော့နည်း၍ ရရှိကြခြင်းများရှိကြောင်း သိရသည်။
ထိုင်းတွင် အနိမ့်ဆုံး လုပ်ခလစာ ဘတ် ၄၀၀ သို့ တိုးမြှင့် သတ်မှတ်ရန်တွင် ထိုင်းလူမျိုးသာ ပါဝင်ပြီး နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများ မပါဝင်ဟုဆိုကာ ပျံ့နှံ့နေမှုများကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ယခုကဲ့သို့ ပြန် လည် ဖြေရှင်းလိုက်ခြင်း ဖြစ်သည်။
အနိမ့်ဆုံး လုပ်ခလစာ အခကြေးငွေအား ထုတ်ပြန်ကြေညာပါက ထိုင်းနိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများဖြစ်စေ အားလုံးနှင့်သက်ဆိုင်သောကြောင့် တန်းတူနှုန်းထားထက် မနည်းဘဲ ရရှိမည်ဖြစ်ကြောင်း ပြောကြားထားခြင်း ဖြစ်သည်။
ထိုင်းရောက် နိုင်ငံခြားသား အလုပ်သမားများကိုတွေ့ရစဉ်
မြေပြင်တွင် ထိုသို့သော လုပ်ခလစာ ကွာဟမှုများကြောင့် ထိုင်းနိုင်ငံ၌ နိုင်ငံခြားသား လုပ်သားများအပေါ် ကန့်သတ်ထားသည့် အလုပ်အကိုင်များနှင့်ပတ်သက်၍ ဖြေလျှော့ပေးစေလိုကြောင်းလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့နိုင်ငံသား တော်တော်များများက အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်တယ်။ တရုတ်စကား ကောင်းကောင်းပြောနိုင်တဲ့ မြန်မာနိုင်ငံသားတွေ အများကြီးရှိတယ်။ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ကုမ္ပဏီတော်တော် များများမှာ HR အဆင့်လောက်အထိ အလုပ်လုပ်နေတဲ့ သူတွေလည်းရှိတယ်။ တော်တော်နည်းတာပေါ့။ ဒါပေမယ့် ဒါကို သူတို့က လျှို့ဝှက်စွာပဲ ခိုင်းတာတွေ တွေ့ရတယ်။ နိုင်ငံခြားသား မလုပ်ရဘူးဆိုတဲ့ အလုပ်တွေမှာ အခု အိမ် အကူပေါ့။ ထိုင်းနိုင်ငံမှာ မပေးဘူး။ MOU ရဲ့ ဥပဒေအရလည်း တစ်ဖက်နိုင်ငံက ခေါ်လာတဲ့ အလုပ်သမားကိုလည်း အိမ်အကူ လုပ်ခွင့်မပေးဘူးလို့ ပြောတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာက မြန်မာ ၅ သန်းလောက်ရှိတဲ့ အထဲမှာ ၁၀ ရာခိုင်နှုန်းလောက်က အိမ်အကူလုပ်ကြတာပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့။ အဲဒီတော့ ဒါတွေက နားလည်မှုနဲ့ပဲ လုပ်တယ်။ Work permit ထုတ်ပေးတဲ့နေရာမှာ ခေါင်းစဉ်လွဲလိုက်တာပဲ ရှိတယ်။ အဲဒီတော့ တားမြစ်ထားတဲ့ အလုပ်တွေထဲမှာလည်း အလုပ်သမားတွေရှိနေတာ ဖြစ်တဲ့အတွက် ဒီတားမြစ်ထားတဲ့ အလုပ်တွေကို ဖြေလျှော့ ပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် လာမည့် ၂၀၂၄ ခုနှစ်၌ အနိမ့်ဆုံး လုပ်ခလစာအား ကျိန်းသေပေါက် တိုးပေးရန် အစီအစဉ်ထားရှိပြီး ငွေကြေးဖောင်းပွမှုအပေါ် အခြေခံ၍ လုပ်အားခနှုန်းထား အကဲဖြတ်ရာမှာ လူနေမှု စရိတ်များကိုပါ ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း သိရသည်။