CNI News

၂၀၂၄ ခုနှစ်၊ မတ် ၄

မလေးရှားနိုင်ငံတွင် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအား မေလ ၃၁ ရက်‌နေ့ နောက်ဆုံး ထား၍ ပြည်ဝင်ခွင့်ကို ပိတ်မည်ဖြစ်ကြောင်း မလေးရှားအာဏာပိုင်များမှ မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများအတွက် ဗီဇာလျှောက်လွှာ တင်ရာတွင်လည်း မတ်လ ၃၁ ရက်နေ့ နောက်ဆုံးဖြစ် ကြောင်း ထုတ်ပြန်ထားကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည်  လုပ်သားအသစ် ထပ်မံခေါ်ယူရန် မရှိတော့ သည့်အတွက် ဖြစ်နိုင်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့အစိုးရ သတ်မှတ်တာလေ။ ၃၁ ရက်နေ့က calling နောက်ဆုံးတင်ရမှာ။ နောက်ဆုံးဝင်ရမှာက မေလ ၃၁ ရက်နေ့ နောက်ဆုံးဝင်ရမှာ။ အဲဒီနောက်ပိုင်း မရတော့ဘူး။ demand ရရှိတဲ့လူတွေ၊ calling ရရှိတဲ့ တင်မယ့် လူတွေက ၃၁ ရက်နေ့မှာ နောက်ဆုံးတင်ကြ၊ အထွက်တွေကကြတော့ မေလ ၃၁ ရက်နေ့ နောက်ဆုံး ထွက်ကြ။ ထပ်ခေါ်စရာကို မရှိတော့လို့ ပြောတာလေ။ သူတို့က ဒါအကုန်ပဲ ထပ်ခေါ်၊ မခေါ်။ မလေးရှားက ဘာလို့လဲဆိုတော့ မလေးရှားက သူက ကိုယ်တာတွေ ပြည့်နေလို့ ပိတ်တယ်ဆိုတာလေ။ မခေါ်တော့ဘူးလို့ ပြောထားပြီးသားလေ အဲဒီအတိုင်းပဲ။ အခုကတော့ လုံးဝအရှင်းပဲ ပါသွားပြီ။ ပြည်တွင်းမှာ ကိုယ်တာရှိတဲ့ လူတွေ ကလည်း အဲဒီအတွင်းကို ပို့ကြ ဒါပဲ။ ကျန်တဲ့ဟာတွေ ကျန်တာထပ်မခေါ်တော့ဘူးပြောတာ” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

မလေးရှားဘက်မှ ပြည်ထဲရေးဝန်ကြီးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးတို့ကြား ပူးပေါင်းကော်မတီ အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗီဇာအား နောက်ဆုံးရက်ဖြစ်သည့် မတ်လ ၃၁ ရက်နေ့အထိ မလျှောက်တင်လိုက်ရသည့် နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားများ ရှိပါက ၎င်းတို့၏ အလုပ်အကိုင် ခွဲတမ်းများအား ပယ်ဖျက်မည် ဖြစ်ကြောင်းလည်း မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် မတ်လ ၃၁ ရက်‌နေ့ နောက်ပိုင်းတွင် မလေးရှား၌ အလုပ်ခေါ်စာရှိသည့်ပုံစံဖြင့် လုပ်သားများ ခေါ်ယူနေ ပါက အလိမ်အညာဖြစ်ကြောင်း သိရှိကြရန် လပ်ကီးပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လိမ်တာကတော့ မြန်မာပြည်မှာ ပွဲလိုဖြစ်နေတာ။ လိမ်နေ စားနေတာက အဲဒီတော့ အရမ်းသတိထား ရမှာ။ calling ပိတ်ပြီဟေ့ဆို တင်ထားတဲ့လူတွေပဲ ထွက်တော့မှာ နောက်ထပ်ဘာမှ မထွက်တော့ဘူး။ ၃၁ ရက် နောက်ပိုင်း တင်တဲ့ ဘာ demand မှလည်း မရှိတော့ဘူး။ ဘာအလုပ်မှလည်း လုပ်လို့မရတော့ဘူး မလေးရှားနဲ့ ပတ်သက်ပြီးတော့။ ထွက်ထားတဲ့လူတွေပဲ အလုပ်လုပ်ပေးတော့မှာ မလေးရှားအစိုးရက။ calling အဟောင်းတွေ လည်းပါမယ်၊ KDN (လူခေါ်ခွင့်ပါမစ်) အဟောင်းတွေလည်းပါမယ်။ အကုန်ပါမယ်။ အခုသူက အပြတ်ပြောထား တာ။ သူထုတ်ပေးထားတဲ့ သူ့နိုင်ငံကို သွင်းထားတဲ့ စရိတ်စကတွေပါ အကုန်ဆုံးမှာ။ levy တွေရော ဘာတွေရော KDN တွေရော အကုန်ဆုံးမှာ။ အကုန်သိမ်းမှာ အပြီးသိမ်းမှာ” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

မလေးရှားတွင် စီးပွားရေး မတည်မငြိမ် ဖြစ်နေသည့်အတွက် အလုပ်သမား ခွဲတမ်းချပေးခြင်းကို သဘောတူညီမှု ယူထားသည့် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း  ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ က သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှားအာဏာပိုင်များက ပြောဆိုထားသဖြင့် ၎င်းနှင့် ဆက်စပ်နိုင်ကြောင်း သုံးသပ်ကြသည်။

သို့သော် မလေးရှားနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများမှာ နေ့စဉ် အများအပြား ရှိနေ သကဲ့သို့ ဖမ်းဆီးခံရမှုများမှာလည်း နေ့စဉ်ရှိနေကြောင်း သိရသည်။

ထို့အပြင် မလေးရှားနိုင်ငံ၌ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအား မတ်လ ၁ ရက်နေ့မှ စတင်ကာ သတ်မှတ်ဒဏ်ကြေး ပေးဆောင်၍ နေရပ်ပြန်ခွင့် ပြုသည့် အစီအစဉ်အား ပြန်လည် ဖွင့်လှစ်ပေးထားသည်။