CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၈

မလေးရှားနိုင်ငံမှ မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူရန် တင်ထားသည့် အလုပ်ခေါ် စာများထဲမှ လုပ်သားများအတွက် calling ထုတ်ယူမှုအား တစ်လသက်တမ်း ထပ်မံ တိုးပေးလိုက်ကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လက လုပ်သားများအတွက် calling များအား မတ်လကုန် နောက်ဆုံးထား၍ ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ပြည်ဝင်ခွင့်အား မေလကုန်နောက်ဆုံးထားပြီး ပိတ်မည်ဖြစ်ကြောင်း မလေးရှားအာဏာပိုင်များ ဘက်မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

သို့သော် ယခုအခါတွင် calling များအတွက်သာ တစ်လသက်တမ်း တိုးပေးခြင်းဖြစ်ပြီး ပြည်ဝင်ခွင့်မှာ မေလ ၃၁ ရက်နေ့အထိ နောက်ဆုံးဖြစ်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းလုပ်သားများ သက်သေအထောက်အထား လုပ်နေကြစဉ်

၎င်းက “တင်ထားပြီးတဲ့ဟာတွေကို ဧပြီလအထိ calling ထုတ်ခွင့်ပြုတယ်ပေါ့။ ဒါပေမယ့် ကလေးတွေအားလုံး ဝင်ရမှာကတော့ မေလ ၃၁ နောက်ဆုံးပဲ။ ဘာ demand မှ မရှိတော့ဘူး totally stop သလောက်ဖြစ်သွားပြီ။ တချို့က တင်ထားပြီး calling မထွက်ဘူး။ သူတို့ဆီမှာလည်း အလုပ်က မပြီးဘူးနဲ့တူပါတယ် အဲဒါကြောင့် ထပ်တိုး ပေးလိုက်တာ။ အသစ်လက်ခံတာ မဟုတ်ဘူးနော် သူတို့ဆီ တင်ထားပြီးတဲ့ဟာတွေကို ဖြေးဖြေးချင်း ထုတ်မှာ။ calling ပဲ ထုတ်ပေးတာ အသစ်ထပ်တင်လို့ မရဘူး။ တင်ထားတဲ့ဟာကိုပဲ calling တွေထွက်မှာ” ဟု ပြောသည်။

ထိုသို့ သက်တမ်းထပ်မံ တိုးပေးလိုက်ခြင်းနှင့်ပတ်သက်၍ မ‌လေးရှားပြည်ထဲရေးဝန်ကြီးမှ ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခြင်းဖြစ်သည်။

ယခုကဲ့သို့ သက်တမ်းတစ်လ ထပ်မံတိုးပေးလိုက်ခြင်းသည် မလေးရှားနိုင်ငံရှိ လုပ်ငန်းခွင်အချို့၌ လုပ်သား လိုအပ်ချက်များ ရှိနေသေးသည့် အတွက်ကြောင့်ဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ထိုလိုအပ်ချက်များ ပြည့်သွားပါက သက်တမ်းထပ်မံ တိုးပေးမည့် အစီအစဉ် မရှိနိုင်တော့ကြောင်းလည်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

ဦးဘာဘူကြီးက “ဘာလို့ ထပ်တိုးရတာလဲဆိုတာကတော့ အခုလက်ရှိ ပြည်ပလုပ်သား ခေါ်တယ်ဆိုတာက နေရာစုံမှာ ခေါ်တာမဟုတ်ပါဘူး။ သူတို့နေရာ ၂ ခုရှိတယ်။ စိုက်ပျိုးရေးနဲ့ ဘာလဲမသိဘူး အဲဒီနေရာတွေမှာ အလုပ်သမား လိုအပ်ချက်တွေ ရှိနေသေးလို့ အဲဒါကြောင့်မို့လို့ သူတို့ထပ်ပြီးတော့ တိုးရခြင်းဖြစ်တာပေ့ါ။ ဒီ ကိုယ်တာ ပြည့်သွားလို့ရှိရင်တော့ အခုလက်ရှိ လိုအပ်တဲ့ စိုက်ပျိုးရေးတို့ ပြီးတော့ ဦးစိတ်ထင် ဆောက်လုပ်ရေး လား မသိဘူး ၂ ခုပေါ့နော်။ အဲဒီ ၂ ခုမှာ ပြည့်သွားပြီဆိုရင်တော့ ထပ်ခေါ်ဖို့ မရှိတော့ပါဘူး။ ထပ်ပြီးတိုးဖို့ မရှိတော့ လောက်ပါဘူး။ အခုနေရာတွေမှာ လစ်လပ်မှုတွေရှိနေသေးလို့ သူတို့ထပ်တိုးပေးတာပဲ ရှိပါတယ်။ ဒီနေရာတွေ ပြည့်သွားပြီဆိုရင်တော့ သူတို့မှာ ထပ်ပေးစရာ နေရာတွေလည်း မရှိတော့တဲ့ အနေအထားမျိုးမှာ ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာလဲ မပြောနိုင်သလို ထပ်တိုးဖို့လည်း မရှိတော့လောက်ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။

လက်ရှိ မလေးရှားနိုင်ငံတွင် တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအား နေရပ်ပြန်ရေး အစီအစဉ်ကို မတ်လ ၁ ရက်နေ့၌ စတင်ဖွင့်ထားပြီး ဒဏ်ကြေးပေးဆောင်ကာ နေရပ်ပြန်ခွင့်ပြုထားသည်။

ထို့အပြင် မလေးရှားအာဏာပိုင်များမှ ၂၀၂၂ ခုနှစ်က လျှောက်ထားခွင့်ပြုခဲ့သည့် ရီကာလီဘရာစီပါမစ် စတစ်ကာများအား ဇွန်လကုန် နောက်ဆုံးထား၍ အပြီးအစီး ထုတ်ပေးသွားရန်လည်း လုပ်ဆောင်နေသည်။