CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ Overstay မြန်မာနိုင်ငံသားများထဲတွင် CI လုပ်ငန်း စဉ်ဖြင့် တရားဝင် နေရပ် ပြန်ခြင်းထက် အောက်လမ်းမှ တရားမဝင် နေရပ်ခိုးပြန်မှု ပိုများနေကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

CI လုပ်ငန်းစဉ်ဖြင့် တရားဝင် နေရပ်မပြန်လိုကြခြင်းမှာ မြန်မာနိုင်ငံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား သတ်မှတ် အတည်ပြုထားသည့်အတွက် ကြောက်ရွံကာ အောက်လမ်းဖြင့် တရားမဝင် ခိုးပြန်မှုများနေခြင်းဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုဖွင့်ထားတဲ့ပုံစံကလည်း အခုဒဏ်ကြေးဆောင်၊ အခုပြန်လို့ရတာမျိုးလည်း မဟုတ်ပါဘူး။ ၂ ပတ် အတွင်း၊ တစ်လအတွင်းဖြစ်နေတော့ တချို့တွေ အရေးကြီးလို့ မစောင့်နိုင်လို့၊ ရက်ချိန်းယူတာမရလို့ အဲဒီလို အနေအထား မျိုးမှာ ဒီအပေါ်လမ်းကနေ မပြန်ကြဘဲနဲ့ အောက်လမ်းကို ရွေးချယ်ပြီးတော့ ပြန်တဲ့လူတွေက အများ ကြီး ရှိပါတယ်။ နောက်တစ်ခုကလည်း အပေါ်လမ်းကနေ မပြန်ချင်ကြတဲ့လူတွေက ကြားတာကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်း ဖြစ်ပါတယ်။ အခုလက်ရှိမှာ မြန်မာပြည်မှာ စစ်မှုထမ်းရမယ် ဘာညာဆိုတော့ တချို့ကလေးတွေ ကတော့ အပေါ်လမ်းကပြန်ရမှာကို ကြောက်ရွံ့နေတဲ့ကလေးတွေ အများကြီးရှိပါတယ်။ အဲဒီတော့ လေဆိပ်မှာ အဖမ်းခံရမလား ဘာညာတွေးတောကြောက်ပြီးတော့ ပြောသံတွေလည်း ကြားရပါတယ်။ အဲဒီတော့ အောက်လမ်း ကနေ ပြန်မယ်ဆိုရင်တော့ လိုရာခရီးကို ပြန်ရောက်နိုင်မယ်လို့ထင်ကြလို့ အောက်လမ်းကို ရွေးတဲ့လူတွေကလည်း အများကြီးရှိပါတယ်။ အဓိကအောက်လမ်းကို ရွေးတယ်ဆိုတာကလည်း အခုအစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်ကို ကြောက်ကြလို့ ဒီလမ်းကို ရွေးချယ်ကြခြင်းဖြစ်တာလည်း အများကြီးပါပါတယ်” ဟု ပြောသည်။

မလေးရှားက တရားမ၀င် အလုပ်သမားများကို တွေ့ရစဉ်

မြန်မာသံရုံး၌ CI လက်မှတ် ပြုလုပ်ရန်အတွက် လူကိုယ်တိုင် တန်းစီ၍ သွားရောက် လျှောက်ထားရခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်မည့်သူများဖြင့် ရောနှောတန်းစီရသောကြောင့် ကြန့်ကြာမှုများ ဖြစ်စေခဲ့သည်။

ထို့အပြင် မလေးရှားနိုင်ငံရှိ ဒေသအသီးသီးမှ အထောက်အထားမဲ့ Overstay သမားများအားလုံးသည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ လူကိုယ်တိုင် လာရောက်ရခြင်း ဖြစ်သောကြောင့် လမ်းခရီး၌ အခက်အခဲ များလည်း ဖြစ်ပေါ်စေခဲ့သည်။

ထိုအခြေအနေများကြောင့် အခြားနိုင်ငံမှ သံရုံးများကဲ့သို့ မြန်မာသံရုံး အနေဖြင့် အွန်လိုင်းမှတဆင့် ရက်ချိန်း ထုတ်ပေးပါက ကောင်းမွန်မည်ဖြစ်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက အကြံပြုခဲ့ကြသည်။

ထို့ကြောင့် CI များအား နေ့ချင်းပြီး ထုတ်ပေးနိုင်ရေးအတွက် မတ်လ ၁၈ ရက်နေ့မှ စတင်ကာ QR code ဖြင့် ရက်ချိန်းယူရသည့် စနစ်ကို ပြောင်းလဲဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက မတ်လ ၁၂ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဒဏ်ကြေးပေးရန် စောင့်နေကြသူများကို တွေ့ရစဉ်

သို့သော် သံရုံး၌ ယခင်က CI လျှောက်ရာတွင် သက်တမ်းအား နှစ်လခန့် ပေးသော်လည်း ယခုအခါတွင် သက်တမ်း တစ်လသာပေးသောကြောင့် နေရပ်ပြန်ရေး ဆောင်ရွက်လိုသူများ အတွက် အချိန်မလောက်ငှ ကြောင်း ရတနာစက္က နာရေးကူညီမှုအသင်းမှဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဘက်မှာ တန်းစီရမှာလည်း တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ် ဒီတန်းစီရတာကလည်း အဲဒီလောက်ကြာမှာ ဆိုတော့ သူတို့ပေးတဲ့အချိန်က အချိန်ကိုက်ဖြစ်နေတယ်။ ကျနော်တို့က တော်တော်ဒုက္ခရောက်တယ်။ ဆိုတော့ အေးဂျင့်ကို မရှာလို့မရတော့ဘဲ ရှာကိုရှာနေရတာ။ CI လည်း တစ်ရက်တည်းရအောင် ရှာရတယ်။ ဒီဘက်လည်း CI လျှောက်ပြီး လက်ဗွေနှိပ်ပြီး နှစ်ပတ်အတောအတွင်း ပြန်ရမှာဆိုတော့ ကွက်တိကြီးလည်း ပြန်လို့မရဘူး။ ၁၄ ရက် ဆိုရင် ၁၂ ရက်လောက်နေပြီးမှ နောက် ၂ ရက်လောက်ချန်ပြီး ပြန်ရတယ်။ ဒီဘက်က CI လက်ဗွေနှိပ်ပြီးတဲ့ အချိန် ရယ်၊ မြန်မာပြည်ဘက်က သံရုံးကပေးတဲ့တစ်လက ပြည့်သွားပြီဆိုရင် ဒုက္ခတွေ ရောက်ရော။ immigration က ထပ်ပြီး ဒဏ်ငွေရိုက်ရော၊ ရစ်ရော။ CI လျှောက်မယ်ဆိုရင်လည်း original ထုတ်မပေးဘူး။ မိတ္တူပဲထုတ်ပေးတယ်။ MAI က သံရုံးထဲမှာ ဖွင့်ထားတယ်။ သူတို့ဆီက လေယာဉ်လက်မှတ်ဝယ်မှ ချက်ချင်းထုတ်ပေးတာ” ဟု  ပြော သည်။

မလေးရှားအာဏာပိုင်များက နိုင်ငံအတွင်းရှိ တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအတွက် ပြစ်ဒဏ်ကျခံခြင်းမရှိဘဲ နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလကုန်အထိ ဖွင့်ပေးထားခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် မြန်မာနိုင်ငံသားများထဲမှ CI ဖြင့် နေရပ်ပြန်သူဦးရေမှာ နည်းပါးနေသေးပြီး ကျန်းမာရေး ချို့တဲ့သူများသာ အဓိက ပြန်နေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။