CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၈

ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်မှု ပြုလုပ်ရာတွင် နယ်မြေလုံခြုံမှု မရှိခြင်းနှင့် တရားဝင်ကုန်သွယ်မှု လုပ်ဆောင်မည် ဆိုပါက အချိန်ကြန့်ကြာခြင်းများ ရှိနေခြင်းကြောင့် လက်ရှိတွင် နယ်စပ်ကုန်သွယ်မှု အားလုံးနီးပါး တရားမဝင် ကုန်သွယ်ရေး များပြားလာနေသည်ဟု ကုန်သည်များက ပြောသည်။

တရားဝင် ကုန်သွယ်ရေး လုပ်ဆောင်မည်ဆိုပါက ဌာနဆိုင်ရာ အဆင့်ဆင့် လုပ်ထုံးလုပ်နည်း ကြန့်ကြာခြင်း ကြောင့် တရားမဝင် ကုန်သွယ်မှုများကို လုပ်ဆောင်လာကြကြောင်း ကုန်သယ်များက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးတလျှောက် လက်နက်ကိုင် ပဋိပက္ခများကြောင့် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် လက်နက်ကိုင် အဖွဲ့အစည်းများကို ငွေကြေးပေးပြီးမှသာ သွားလာ၍ရသည်။

ပို့ကုန်တင်ပို့မှုတွင် တရားမဝင် ကုန်သွယ်ရေး ရှိသော်လည်း လက်ရှိမှာတော့ ပြည်တွင်း လိုအပ်ချက်အရ ပို့ကုန် ထက် သွင်းကုန်တင်သွင်းမှု အပိုင်း၌ ပို၍များပြားသည်ဟု မိုင်းလားကုန်သည် ဦးဆန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။

TNLA တပ်ဖွဲ့က ကုန်ကားနဲ့ ခရီးသွားကားများကို ငွေကြေးကောက်ခံနေစဉ်

၎င်းက “နယ်စပ်တိုင်းမှာ ရှိပါတယ်။ တရားမဝင် ကုန်သွယ်ရေးက ဖြစ်နေတာလေ။ တရားဝင်အတိုင်း သွားလို့ လည်း အဆင်မပြေ၊ ဥပဒေ စိုးမိုးမှုမရှိတော့ တရားမဝင် ကုန်သွယ်ရေးက အရေအတွက် ပိုများတာပေါ့။ ပေးကမ်း ပြီး သွားနေရတာပဲ။ တကယ်လို့ တရားဝင်အတိုင်း လုပ်တော့မယ်ဆိုရင်လည်း အရမ်းခက်ခဲတယ်။ ကြန့်ကြာ တယ်။ အချိန်တွေက right time မဖြစ်ဘူးလေ။ ဥပမာတစ်ခု တရားဝင် သွင်းတဲ့ဟာတွေလည်း ရှိတယ်။ တရားမဝင် သွင်းတဲ့ဟာတွေလည်း အများအပြား ရှိတယ်။ ဘယ်သူကမှလည်း စိစစ်မပေးနိုင်ဘူး။ စိစစ်ပေးမယ့် သူကျတော့လည်း အထက်ကတို့ ဘာတို့ ကြန့်ကြာတာတို့ ဒီဟာကြီးက အောက်ခြေမှာရှိနေတဲ့ ကုန်သည်တွေ မခံစားနိုင်ဘူးလေ အဲဒီလိုတွေ ဖြစ်နေတာ။ ပို့ကုန်မှာလည်း အနည်းနဲ့အများ ရှိနေတာပဲ။ သွင်းကုန်တစ်ခုတည်း မဟုတ်ပါဘူး။ အဓိကကတော့ သွင်းကုန်တွေမှာ ပိုဆိုးတယ်။ ပို့ကုန်ကတော့ အနည်းနဲ့အများတော့ ရှိတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လက်ရှိ နယ်စပ်တွေမှာ border trade တွေ အကုန်လုံးကလည်း နယ်မြေအခြေအနေအရ တိုက်ပွဲတွေဖြစ်ကြ ဘာတွေဖြစ်ကြဆိုတော့ အဖက်ဖက်ကို ပေးကမ်းပြီးတော့ သွားနေကြတာပဲလေ။ ဘာဖြစ်လို့ တုန်းဆိုတော့ ဒီဘက်မှာ နယ်မြေမလုံခြုံတဲ့အတွက် ဒီဟာကြီးက မဖြစ်မနေကို ဒါကြီးက သွားလာလို့ အဆင်မပြေ မချောမွေ့တော့ မပေးကမ်းလို့မရဘူး။ ပေးနေရတာပဲ တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ်” ဟု ပြောသည်။

တရားမဝင် ကုန်သွယ်မှု ရှိနေခြင်းကြောင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသည့်အပြင် တရားဝင်ကုန်သွယ်မှု လုပ်ငန်းများကိုလည်း နှောင့်နှေးစေသည်။

ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးတက်စေရန်၊ သွင်းကုန်နှင့် ထုတ်ကုန် လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်မှ မူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးရန်နှင့် လမ်းကြောင်းများကို ဖွင့်လှစ်ထားပေးရန် လိုအပ်ကြောင်း ကုန်သည်များက ထောက်ပြ ကြသည်။ 

ကုန်ကားများကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်

သွင်းကုန်ကဏ္ဍတွင်လည်း တချို့သော သွင်းကုန်များ တင်သွင်းမှုကို ကန့်သတ်ထားခြင်း၊ သွင်းကုန်ပါမစ် ရရှိရန် အချိန်ကြာမြင့်နေခြင်းတို့ကြောင့် တရားမဝင် ကုန်သွယ်မှုများ ပေါ်ပေါက်လာကြောင်း၊ သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောချင်တာက အခုလက်ရှိ တိုင်းပြည်ရဲ့ လိုအပ်ချက် ရှိနေတဲ့ ပစ္စည်းတွေပေါ့နော်၊ တကယ်ကို တိုင်းပြည် မှာ အဓိကကျတဲ့ ပစ္စည်းတွေက ဖြေလျှော့ပေးဖို့လိုတယ်။ အဆင့်ဆင့် ပြောချင်တာက ဘုံ ၃၁ ဆင့်ထက်ကို များနေသော အဆင့်ဆင့်တွေကို ဖြေလျှော့ပေးဖို့ လိုတယ်။ အဲဒီလိုမှ မဟုတ်ဘူး၊ အဆင့်ဆင့် တင်ပြနေရင် ဒါကြီး က အဆင့်ဆင့်ပဲ စားနေကြတာပဲ။ ဥပမာတစ်ခု ၁ ကျပ်တန် ပစ္စည်းတစ်ခုမှာ နိုင်ငံခြားကမှာရင် ဒီပစ္စည်းက ၁ ကျပ်တန်ပဲ။ ဒါပေမယ့် မြန်မာပြည်လည်းရောက်ရော ၁၀၀ လောက် ဖြစ်နေပြီ။ ကုန်သည်လည်း စားရတာ မဟုတ် ဘူး။ ဒါပေမယ့် စားသုံးသူမှာ ဈေးမြင့်နေတယ်။ အဲဒါတွေကို ဘယ်သူက စားနေလဲ။ ဒါတွေကို စောင့်ကြည့်လေ့လာ ပြီးတော့ လွယ်လင့်တကူဖြစ်အောင် ဖြေလျှော့ပေးမယ်ဆိုရင် စားသုံးသူလည်း ဈေးသက်သက်သာသာနဲ့ ဖြစ်သွား မယ်။ လက်ရှိဖြစ်နေတဲ့ ခက်ခဲတာတွေ၊ ကြန့်ကြာတာတွေလည်း မြန်ဆန်သွားမယ်။ ခက်ခဲလေ၊ ကြန့်ကြာလေ တို့တိုင်းပြည်မှာ အခြေခံလူတန်းစားတွေမှာ ပိုပြီးတော့ ဈေးနှုန်းတွေ မြင့်တက်လေ၊ ကျပ်တည်းလေ၊ ရှားပါးလေ ဖြစ်လာမှာပဲလေ။ အများကြီးလိုတာပေါ့ ဖြေလျှော့ပေးဖို့က။ နေရာတိုင်း one stop service ဖြစ်နေရင် ပိုကောင်း တာပေါ့” ဟု ပြောသည်။

လက်ရှိ တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ရှမ်းပြည်နယ် မိုင်းလား၊ တာချီလိတ်နှင့် ကချင်ပြည်နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးတို့အပြင် နယ်မြေ တည်ငြိမ်မှု မရှိသည့် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ မြန်မာ့တပ်မတော် စစ်ဆေးရေးဂိတ်များကို အခကြေးငွေများ ပေးဆောင်၍ ကုန်စည်များကို တရားမဝင် တင်သွင်းလျက်ရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။