CNI International News

ဘေကျင်း၊ ဧပြီ ၈

တရုတ်နိုင်ငံ၏ အိမ်ခြံမြေစျေးကွက်သည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တစ်ဟုန်ထိုး မြင့်တက်လာမှုကြောင့် ဒါဇင်နှင့်ချီသည့် တရုတ်ဘီလျံနာများသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀၀ စာရင်းတွင် ပါဝင်လာခဲ့ကြသည်ဟု Bloomberg မှ ဖော်ပြခဲ့သည်။

သို့သော် မကြာသေးမီနှစ် အနည်းငယ်အတွင်း တရုတ်၏ အိမ်ခြံမြေစျေးကွက် ပြိုလဲမှုကြောင့် တရုတ်၏ အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းရှင်များကို ထိခိုက်ခဲ့ပြီး ဒေါ်လာဘီလျံ ၁၀၀ ကျော် ဆုံးရှုံးခဲ့ရသည်။

ထိုလုပ်ငန်းရှင်းများထဲတွင် တရုတ်၏ အကြီးဆုံး အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် China Evergrande Group ကို ထူထောင်သူဖြစ်ပြီး ထိုကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ်သည့် ဟွေ့ကာရန် (Hui Ka Yan) လည်း ပါဝင်ခဲ့သည်။

ဟွေ့၏ ပိုင်ဆိုင်မှုသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလက ဒေါ်လာ ၂၃ ဒသမ ၃ ဘီလျံအထိ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံအထိ ကျဆင်းသွားခဲ့သည်။

တရုတ် အထပ်မြင့် အဆောက်အအုံများကိုတွေ့ရစဉ်

နောက်ထပ် တစ်ဦးမှာ Dalian Wanda Group ကို ထူထောင်သူလည်းဖြစ် ကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ်သည့် ဝမ်ကျန်းလင်း (Wang Jianlin) ဆိုသူဖြစ်သည်။

ဝမ်၏ ပိုင်ဆိုင်မှုသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလက ဒေါ်လာ ၁၅ ဒသမ ၁ ဘီလျံရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဒေါ်လာ ၆ ဒသမ ၃ ဘီလျံအထိ ကျဆင်းသွားခဲ့သည်။

Country Garden ကုမ္ပဏီကို ထူထောင်သူဖြစ်သည့် ယန်းဟွေ့ရန် (Yang Huiyan) သည်လည်း အိမ်ခြံမြေ စျေးကွက် ပြိုလဲမှုတွင် အထိနာခဲ့ရသူ ဖြစ်သည်။

ယန်း၏ ပိုင်ဆိုင်မှုသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလက ဒေါ်လာ ၃၀ ဘီလျံရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဒေါ်လာ ၄ ဒသမ ၃ ဘီလျံအထိ ကျဆင်းသွားခဲ့သည်။

၎င်းတို့ ၃ ဦးအပြင် Longfor Group Holding တွဲဖက်တည်ထောင်သူ ဝူယာကျွန် (Wu Yahun) ၊ Logan Group ဥက္ကဋ္ဌ ကိုင်ဟိုပန် (Kei Hoi Pang) နှင့် Seazen Holdings တည်ထောင်သူ ဝမ်ကျန်းဟွာ (Wang Zhenhua) တို့ အပါအဝင် တရုတ်ဘီလျံနာ ၁၀ ဦးခန့်သည် အိမ်ခြံမြေစျေးကွက် ပြိုလဲမှုကြောင့် ဆုံးရှုံးခဲ့သည့် ပိုင်ဆိုင်မှု စုစုပေါင်း သည် ဒေါ်လာ ၁၀၀ ဘီလျံကျော်အထိ ရှိခဲ့သည်။

Source: Bloomberg