CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မဲဆောက်သို့ နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများအပေါ်တွင် ထိုင်း လ.ဝ.ကမှ ပိုမိုတင်းကြပ်လာကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ၇ ရက် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ဝင်ရောက်လာ သူများအား ချက်ချင်းဝင်ရောက်ခွင့်မပြုဘဲ မဲဆောက်မြို့ရှိ တရားဝင် နေထိုင်သူများ၏ ထောက်ခံချက် ပေးနိုင်မှ သာ ဝင်ခွင့်ပြုကြောင်း  ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

ထို့အပြင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ကိုင်ဆောင်ထားသူများသည် ယခင်က တာ့ခ်ခရိုင်အတွင်း သွားလာ နေထိုင်ခွင့်ရှိသော်လည်း ယခုအခါတွင် မဲဆောက်မြို့နယ်အား ကျော်လွန်၍ သွားလာခြင်းမပြုရန် ထိုင်း လ.ဝ.က ဘက်မှ ကန့်သတ်လာကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရောက် မြန်မာများကိုတွေ့ရစဉ်

၎င်းက “မြန်မာဘက်က လ.ဝ.က ကလည်း လာပြီးပြောတယ်။ ဒီလိုမျိုးတွေ မဖြစ်စေဖို့ပေါ့။ လာပြောလည်း ထိုင်း လ.ဝ.က က လက်မခံဘူး။ နောက် တော်တော်ဆိုးတာက ဒီ border pass နဲ့လာတဲ့ မြန်မာခရီးသည်ကို ဥပမာ ကျောပိုးအိတ်တစ်လုံး ပါခဲ့တယ်ပေါ့။ ဒီဘက်မှာ ၇ ရက်နေလို့ ရတယ်လေ။ ဒါတွေကို သူတို့က သံသယနဲ့ပေါ့ မင်းတို့ ဘန်ကောက်သွားမှာ၊ ချင်းမိုင်သွားမယ်ပေါ့၊ မဟာချိုင်သွားမယ်ပေါ့ အဲဒီလိုပြောပြီး ပြန်လွှတ်လိုက်တာ တွေလည်း ရှိတယ်။ ဒီကိစ္စတွေက နိုင်ငံတော်အဆင့်နဲ့ သက်ဆိုင်ရာလူကြီးတွေ ပြောမှပဲ ဖြစ်တော့မယ်လို့ ထင် တယ်။ လူတစ်ယောက်ယောက် လာမခေါ်ရင် လုံးဝကို ပေးမဝင်ဘူး ပြန်လှည့်သွားရတယ်။ ဝင်လာတဲ့လူတွေ များလာတော့ ပိုဆိုးတာပေါ့။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီတံတားကြီးက ဘာလုပ်ဖို့ထားထားတာလဲ၊ တံတားပေါ် ကနေ မြန်မာပြည်သူတွေ တရားဝင် ဖြတ်သန်းသွားလာနေတယ်။ ဒါကို တည်ဆဲဥပ‌ဒေအရပဲ လက်ခံရမယ်။ သံသယဆိုတာက အမျိုးမျိုး ကိုယ့်ရဲ့ထင်မြင်ယူဆချက်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စတွေက နိုင်ငံတော်အဆင့်နဲ့ လူကြီးတွေ သိဖို့ ထိရောက်တဲ့အကူအညီတွေပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် (မဲဆောက်)အတွင်း နေထိုင်ကြသူများအနေဖြင့် မိမိနေအိမ် သို့မဟုတ် အိမ်ခန်း များ ငှားရမ်းထားသည့် နေရာများ၌ နိုင်ငံခြားသား ဧည့်သည်များ လာရောက် တည်းခိုနေထိုင်ပါက မဖြစ်မနေ ဧည့်စာရင်း တိုင်ကြားရမည်ဟု တာ့ခ်ခရိုင် လ.ဝ.ကမှ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တာ့ခရိုင် မဲဆောက်မြို့အတွင်း အထောက်အထား မရှိသူများနှင့်ပတ်သက်၍ စစ်ဆေး ဖမ်းဆီးမှုများ ယခု ရက်အပိုင်းအတွင်း ပိုမိုများပြား လာကြောင်းနှင့် မြန်မာဘက်အခြမ်းမှ လက်မခံရမည့် လူစာရင်းအား ထိုင်း လ.ဝ.ကထံသို့ ပေးပို့ထားနိုင်ကြောင်းလည်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တံတားကို တွေ့ရစဉ်

၎င်းက “မဲဆောက်မှာဆိုရင် နေရာတော်တော်များများမှာ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံစစ်ဆေးတယ်။ အထောက်အထား ရှိ၊မရှိတွေကို စစ်ဆေးတွေ့ရှိတယ်ဆိုရင် ဖမ်းဆီးတဲ့ဟာတွေ လုပ်တယ်။ အထူးသဖြင့်ဆိုရင် ဈေးသည်တွေရှိတယ်။ အဲဒီဈေးသည်တွေမှာ အထောက်အထား မရှိတဲ့သူရှိတယ်။ အဲဒီလူတွေကို စစ်ဆေး တွေ့ရှိပြီး အထောက်အထား မရှိဘူးဆိုရင် ဖမ်းဆီးတဲ့ဟာတွေ ကြားရတယ်။ border pass ကကြတော့ အလုပ် လုပ် ခွင့်ပေးတာ မဟုတ်ဘူး။ ဈေးဝယ် လည်ပတ်ခွင့် အတွက်ပဲပေးတာ။ အဲဒီဟာနဲ့ပတ်သက်ပြီး နယ်စပ်မှာ စောင့်နေတဲ့ သက်ဆိုင်ရာ လ.ဝ.က တို့ authority ကလည်းရှိသေးတယ်။ လိုအပ်တဲ့ သူတို့ တောင်းဆိုတဲ့ အချက်အလက်တွေကို တောင်းဆိုလို့ မရဘူးဆို မပေးပဲနဲ့ ပြန်လွှတ်တာတို့၊ တချို့ဆို မပေးတဲ့အပြင် blacklist ထည့်တာတို့ ဒါမျိုးတွေတောင် ရှိတဲ့ဟာရှိတယ်” ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ထိုင်းသို့ ထွက်ခွာလိုသူ များပြားသဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသားများအပေါ် ယခုကဲ့သို့ ပိုမိုတင်းကြပ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ တရားဝင် လာရောက်မည်ဆိုပါက ကြိုဆိုပြီး တရားမဝင် လာရောက်ပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးအေဂျင်စီ များဖြင့် ဆွေးနွေးညှိနှိုင်း ထားပြီးဖြစ်ကြောင်း  ထိုင်းဝန်ကြီးချုပ် ဆရီသာက ပြောကြားထားသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း မြန်မာ့တပ်မတော်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေ ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး စူထင်ကလန်ဆန်က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။