CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄ ဖြစ်သည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၏ ထိန်းချုပ် နယ်မြေအတွင်းမှာ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက် ရှမ်းပြည်အရှေ့ပိုင်း မဲခေါင်မြစ်အနီး NDAA (မိုင်းလားတပ်) ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံများက ဖော်ထုတ်ပြသနေသည်ဟုဆိုကာ SHRF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်းအဖွဲ့က “ ၂၀၂၅ ခုနှစ်၊ မေလ ဂြိုဟ်တုဓာတ်ပုံများမှ ရှမ်းပြည်အရှေ့ဘက် အစွန်ဆုံး မိုင်းယောင်းမြို့နယ် အတွင်းရှိ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA သို့မဟုတ် မိုင်းလားတပ်ဖွဲ့)၏ ထိန်းချုပ်မှု အောက်တွင်ရှိသော မြေရှားသတ္တု တူးဖော်သည့် နေရာ ၁၉ ခုကို ဖော်ထုတ်ပြသနေသည်။ အဆိုပါ နေရာများသည် မဲခေါင်မြစ်နှင့် ကီလိုမီတာ ၄၀ ထက်နည်းသော အကွာအဝေးတွင် တည်ရှိသည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

အဆိုပါ သတ္တုတွင်း အများစုသည် တရုတ်နယ်စပ်နှင့် လေးကီလိုမီတာခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ မှ ၅၀၀၀ ကြားရှိသော တောင်တန်းဒေသတွင် တည်ရှိကြောင်း၊ ထိုဒေသမှ ရေများသည် နပ်ချောင်း (Nap Stream)အတွင်းသို့ စီးဝင်ကြောင်း၊ ထိုချောင်းသည် တောင်ဘက်သို့ ဆက်လက် စီးဆင်းကာ မဲခေါင်မြစ်၏ မြစ်လက်တက် တစ်ခုဖြစ်သော လွေမြစ်အတွင်းသို့ စီးဝင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)မှ ထုတ်ပြန် ခဲ့သည်။

ထို့နောက် သတ္တုတွင်း ၃ ခုသာ လွေမြစ်၏ တောင်ဘက်ရှိ တောင်တန်းများတွင်း တည်ရှိကြောင်း၊ ထိုသတ္တုတူး ဖော်ရာနေရာမှ ရေများသည် မြောက်ဘက်သို့ စီးဆင်းကာ လွေမြစ်အတွင်းသို့ ဝင်ရောက်သည်ဟု ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင် (SHRF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြေရှားသတ္တု တူးဖော်နေသော နေရာများမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထား သည့် ကချင်ပြည်နယ်၊ ပန်ဝါ-ချီဖွေ၊ မိုးမောက်နှင့် NDAA နှင့် UWSA ထိန်းချုပ်ထားသော ရှမ်းပြည်နယ်အရှေ့ပိုင်း တို့တွင် ဖြစ်သည်။

NDAA သည် ဗမာပြည်ကွန်မြူနစ်ပါတီကနေ ၁၉၈၉ ခုနှစ်မှာ ခွဲထွက်၍ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူကာ အထူးဒေသ ၄ အဖြစ် အုပ်ချုပ်လျက်ရှိသည်။