CNI News
၂၀၂၅ ခုနှစ်၊ မေလ ၅
TNLA အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ မြို့နယ် ၁၂ မြို့နယ်အထိ သိမ်းပိုက်ရရှိထားပြီးနောက် ပလောင် ပြည်နယ်သတ်မှတ်ပေးရေး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တောင်းဆိုလာခဲ့ရာ ပလောင်ပြည်နယ်၏ ဧရိယာမှာ မည်မျှအထိရှိသလဲဟု မေးခွန်းထုတ်လျက်ရှိသည်။
ပလောင်ပြည်နယ်ဧရိယာ နယ်မြေကို ယခုလက်ရှိတွင် ပြောရန်စောသေးကြောင်း TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပန်လက မေလ ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ CNI သတင်းဌာနသို့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
ဗိုလ်မှူးကြီး တားပန်လက “ နယ်မြေပဲပြောပြော၊ ပြည်နယ်ပဲပြောပြော သတ်မှတ်ရမယ့်ကာလဟာ အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် တိုင်းပြုပြည်ပြု လွှတ်တော်ပုံစံမျိုးဖြစ်မလား၊ နိုင်ငံရေးဆွေးနွေးပွဲ ပုံစံမျိုးဖြစ်မလား၊ လာမယ့် နိုင်ငံရေးညီလာခံကြမှပဲ ကျနော်တို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ လောလောဆယ်ကတော့ ကျနောတို့ကနေပြီးမှ တာဝန်ယူပြီး စီမံအုပ်ချုပ်တဲ့နယ်မြေ အဲဒီလိုပဲပြောလို့ရပါတယ်။ အဲဒါကတော့ ၁၂ မြို့နယ်မှာဆိုရင် ကျနော်တို့ တာဝန်ယူ စီမံပြီးတော့မှ အုပ်ချုပ်နေပါတယ်။ အချိန်ကာလတစ်ခုအထိ နောက်ထပ် လူထုအစိုးရပုံစံမျိုးလား၊ တစ်နိုင်ငံလုံးက မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရပုံစံမျိုးလား အဲဒီလိုမပေါ်ထွန်းမီ ကျနော်တို့က ကာလ တစ်ခုအနေနဲ့ တာဝန်ယူပြီးမှ စောင့်ရှောက်ထားတဲ့ဒေသ၊ လူထုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ တကယ် ပြည်နယ် ဖြစ်ပေါ်လာဖို့ကတော့ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမှ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဘယ်နယ်မြေ၊ ဘယ်ဧရိယာဆိုတာ အခုအချိန်မှာပြောဖို့ နည်းနည်းစောနေသေးပါတယ်” ဟု ပြောသည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
TNLA သည် မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ မိုင်းဝီး၊ ကွတ်ခိုင်၊ သိန္နီ၊ မန့်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုင်းငေါ့၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့် ဒေသများကို စုစည်း၍ ပလောင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ရည်မှန်း ထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် အစရှိသောဒေသများမှ ဆုတ်ခွာရန် မြန်မာ့တပ်မတော်ဘက်မှ ကိုယ်စားလှယ်အဖွဲ့များက တောင်းဆိုခဲ့သဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဧပြီ ၂၈-၂၉ ရက်များက ကျင်းပခဲ့ခြင်းဖြစ်ပြီး သဘောတူညီမှ မရဘဲ အဆုံးသတ်ခဲ့ကြောင်း၊ သို့သော် လာမည့် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် နှစ်ဖက် သဘောတူထားကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။
ထိုသို့ နယ်မြေ ပြန်လည်ဆုတ်ခွာ ခိုင်းခြင်းနှင့်ပတ်သက်၍ TNLA အနေဖြင့် ယခင်က ရပ်တည်ချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “လက်ရှိကတော့ ကျမတို့သည် စစ်ရေးကာလကတော့ ဒီမေလအကုန်အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားတာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဘာထိုးစစ်ဆင် တိုက်ခိုက်တာမျိုးမှ ကျမတို့ ဆောင်ရွက်မှာ မဟုတ်ဘူးပေါ့။ လတ်တလောမှာ ငလျင်ဘေးသင့် ပြည်သူတွေကို စာနာထောက်ထားသောအားဖြင့် တစ်ဖက် သတ် အပစ်အခတ်ရပ်စဲရေး ထိုးဖြစ်တာဖြစ်ပါတယ်။ မေလကုန်အထိ ဒီအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။ စကစ ဘက်က တောင်းဆိုတာက မိုးကုတ်အပြင် တခြား ၅ မြို့ပေါ့။ ပြန်လည်ဆုတ်ခွာဖို့ တောင်းဆိုတာတွေရှိတယ်။ ကျမတို့ကတော့ ဒါကို သဘောမတူနိုင်သေးဘူး။ ပြန်လည်ဆုတ်ခွာတာမျိုး တွေတော့ မရှိဘူးပေါ့။ ကျမတို့ ရပ်တည်ချက်အတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ပြောသည်။
၂ နှစ်ကျော် ကြာမြင့်လာသည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်ဖွဲ့(MNDAA) နှင့် အပစ်ရပ်ဆွေးနွေး နိုင်ခဲ့သော်လည်း TNLA နှင့်ကတော့ ညှိနှိုင်းမှု အဆင်မပြေသေးဘဲ ဖြစ်နေသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈-၂၉ ရက်က ကူမင်းဆွေးနွေးပွဲတွင် TNLA ဘက်မှ နှစ်ဖက်တပ်များ ရောက်ရှိသည့်နေရာတွင် ရပ်တန့်ကာ အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက် ထိုးစစ်မဆင်ရန်အပြင် လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်ခြင်း နှင့် ဒရုန်းအသုံးပြု တိုက်ခိုက်မှုများ ရပ်တန့်ရန်တို့ကို တောင်းဆိုခဲ့သည်။
ထို့ပြင် နှစ်ဖက်ထိန်းချုပ်နယ်မြေ ဒေသများ၌ ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် ဆေးဝါးသယ်ယူပို့ဆောင် ရေးအတွက် ဖြတ်သန်းသွားလာခွင့် ပြုရန်ကိုလည်း တောင်းဆိုထားကြောင်း သိရသည်။