CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် လျှပ်စစ်ကားသည် တန်ဖိုးအားဖြင့် သိန်း ၁၀၀၀ နီးပါးဖြစ်နေခြင်းကြောင့် မည်သည့် လူတန်းစားအတွက် အဓိကထား တင်သွင်းခြင်း ဖြစ်သလဲဆိုသော မေးခွန်းထုတ်မှုများ စီးပွားရေး လုပ်ငန်းရှင်များကြား ထွက်ပေါ်နေသည်။

လက်ရှိ မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် EV ခေါ် လျှပ်စစ်ကားများသည် တစ်စီးလျှင် မြန်မာကျပ်ငွေ ၉၉၉ သိန်း ရှိနေခြင်းကြောင့် လျှပ်စစ်ကားကို စီးနိုင်သည့် လူတန်းစားအလွှာသည် အနည်းငယ်ပဲ ရှိမည်ဟု စီးပွားရေးလုပ်ငန်း ရှင်များနှင့် စီးပွားရေးပညာရှင်များက ပြောသည်။

လျှပ်စစ်ကားတွင် အဓိက အရေးပါသည့် ဘတ်ထရီသည် သုံးစွဲမှု နှစ်ကာလ ကြာလာသည်နှင့်အမျှ ခံနိုင်ရည်အား လျော့နည်းသွားကြောင်း၊ ဘတ်ထရီ အသစ်လဲလှယ်ရာတွင်လည်း သိန်း ၁၀၀၀ တန် ကားတစ်စီး၏ ဘတ်ထရီ ၁ လုံးသည် သိန်း ၁၀၀၀ ဖြစ်နေကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်ကားအသုံးပြု၍ လုပ်ငန်းဆောင်ရွက် မည်ဆိုပါက ဘတ်ထရီ အားသွင်းနိုင်ရန်အတွက် လျှပ်စစ်မီး အခက်အခဲ ရှိနေခြင်းကြောင့် လုပ်ငန်းရှင်များလည်း အသုံးပြုမည် မဟုတ်ကြောင်း၊ အသစ်အဆန်းကို ခုံမင်သည့် ငွေကြေးကြွယ်ဝသည့် သူများသာ အသုံးပြုမည် ဖြစ်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

နေပြည်တော် သပြေကုန်းဈေးရှေ့က လျှပ်စစ်ကားအားသွင်းစခန်း တည်ဆောက်နေစဉ်

၎င်းက “လောင်စာဆီမသုံးရတဲ့အတွက် EV ကားကို ဝယ်လိုက်တာတော့ မှန်တယ် နောက်ပြီး ဆီတော့ မကုန်တော့ဘူး။ နောက်ပြီးတော့ ကီလိုမီတာတွေလည်း သွားလို့ရလာပြီ၊ ကြာကြာမောင်းလို့ ရလာပြီ။ ပြဿနာက ဘတ်ထရီသက်တမ်း၊ သိန်း ၁ ထောင်နဲ့ ဝယ်ထားတဲ့ ကားရဲ့ ဘတ်ထရီက ၁၀ နှစ်ပြည့်သွားပြီဆိုရင် သုံးလို့မရတော့ဘူး လဲရတော့မှာ။ အလွန်ဆုံး ၁၅ နှစ်ပဲ အဲဒီဘတ်ထရီက။ အဲဒါဆိုရင် အဲဒီဘတ်ထရီတွေ ပြန်လဲရင် ဘယ်လောက်ပေးရမလဲဆိုတဲ့ မေးခွန်းရှိတော့ အဲဒီဘတ်ထရီတွေ ကားတစ်စီးလုံးကို ပြန်ပြီးတော့ အသစ်တိုင်း မောင်းလို့ရအောင် ကီလိုမီတာတွေ အဝေးကြီးနဲ့ အကြာကြီး မောင်းလို့ရအောင် ပြန်လဲမယ်ဆိုရင် သိန်း ၁ ထောင် တန် ကားတစ်စီးရဲ့ ဘတ်ထရီက သိန်း ၁ ထောင်လောက် ပြန်ကျတယ်။ EV ကားတွေက အစ်ကိုတို့ ဓာတ်ဆီတွေ၊ ဒီဇယ်ကားတွေနဲ့ မတူတဲ့အချက်က သူက နှစ်ကာလကြာလာတာနဲ့အမျှ ကားရဲ့ တန်ဖိုးက လျော့လျော့လာမယ်။ သူက ဓာတ်ဆီ၊ ဒီဇယ်တော့ ဝယ်မထည့်ရဘူး။ သို့သော်လည်း ကားတန်ဖိုး တစ်လုံးတစ်ခဲပေးပြီး တဖြည်းဖြည်းနဲ့ ကားတန်ဖိုး ပြန်လျော့တာ။ အဲတော့ ၁၀ နှစ်လောက်ကြာရင် အဲဒီ EV ကားက ဘတ်ထရီ လဲရတော့မှာ။ လဲရတဲ့အချိန်မှ ပြန်ရောင်းရင် ဒီကောင်က ၁၀ သိန်းလောက်တောင် မတန်တော့ဘူး”ဟု ပြောသည်။

လျှပ်စစ်ကား တင်သွင်းရန်အတွက် ကုမ္ပဏီ ၂၆ ခုကို ခွင့်ပြုထားကြောင်း၊ ရန်ကုန်လေဆိပ်ကို အခြေပြု၍ တက္ကစီ ၁၀ စီးနှင့် နေပြည်တော် သပြေကုန်းဈေးကို အခြေပြုပြီး တက္ကစီ ၁၀ စီး စမ်းသပ် ပြေးဆွဲမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် တရုတ်ထုတ် BYD ကားတွေ့ရစဉ်

အဆိုပါ လျှပ်စစ်ကား၏ စျေးနှုန်းသည် တစ်စီးလျှင် ကျပ် ၆၇၉ သိန်းဟု ဆိုထားကြောင်း၊ သို့သော် လက်ရှိ တင်သွင်းထားသည့် လျှပ်စစ်ကားသည် သိန်း ၁ ထောင်ဝန်းကျင် ရှိနေသည့်အတွက် ပြည်သူများ ဝယ်ယူနိုင်သည့် ဈေးမဟုတ်ကြောင်း၊ ထို့ကြောင့် ပိုက်ဆံရှိ အထက်တန်းလွှာများအတွက်သာ ဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

လျှပ်စစ်ကား ထုတ်လုပ်ရာတွင် ကုန်ကျစရိတ် လျော့ကျသွားသည့် ကာလနှင့် ရေရှည်အသုံးပြုနိုင်သည့် ဖွဲ့စည်းမှု ပုံစံဖြစ်မှသာ လျှပ်စစ်ကားကို တွင်ကျယ်စွာ အသုံးပြုလာကြမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တီထွင်မှုတွေ လုပ်ရင်း လုပ်ရင်းနဲ့ ဘတ်ထရီ သက်တမ်းတွေ ရှည်လာမယ်၊ ထုတ်လုပ်မှု စရိတ်တွေက အရေအတွက်များလာရင် ထုတ်လုပ်မှုစရိတ်တွေ လျော့လာရင်တော့ ဝယ်ယူဈေး Market Price တွေ လျော့လာမယ်။ EV ကားတွေ အလွန်အကျွံသုံးနိုင်ဖို့ဆိုရင် အချိန်တစ်ခုတော့ စောင့်ရမယ့် အနေအထားမှာ ရှိပါတယ်။ ထုတ်လုပ်မှု စရိတ်တွေ လျော့မယ်၊ Infrastructure တွေလည်း ကောင်းလာမယ်ဆိုရင်တော့ ၂၀၃၅၊ ၂၀၄၀ ဆိုရင်တော့ တိုင်းပြည်တော်တော်များများက EV အဆင့် ရောက်လာမယ်လို့တော့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု ပြော သည်။

မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် လျှပ်စစ်ကားကို စစ်ဆေးနေကြစဉ်

ထို့အပြင် မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် မိုးတွင်းကာလ၌ ရေဝပ်သည့် အခြေအနေ ရှိသည့်အတွက် လျှပ်စစ်ကား ကို အသုံးပြုရန် အဆင်မပြေနိုင်ကြောင်း၊ ချို့ယွင်းမှု ဖြစ်လာသည့်အခါတွင် ပြုပြင်ရန်အတွက် ကျွမ်းကျင်သူ စက်ပြင်ဆရာများ မရှိသေးကြောင်း၊ မော်တော်ယာဉ် အပိုပစ္စည်း ရောင်းချသည့် ဆိုင်များမရှိသေးကြောင်း မော်တော်ယာဉ် အသိုင်းအဝိုင်းက ထောက်ပြကြသည်။

လျှပ်စစ်ကား ကနဦး ရှေ့ပြေး စီမံကိန်းကာလကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်မီး ပြဿနာနှင့် တခြား အခက်အခဲများကြောင့် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန် အချိန်ယူရမည်ဟု သုံးသပ်နေကြသည်။