CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁

အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေသည့် မတ်ပဲ၊ ပင်းစဉ်းငုံ၊ ပဲတီစိမ်း ဈေးနှုန်းများသည် ဖေဖော်ဝါရီလ နောက်ဆုံး ပတ်အတွင်း ဈေးနှုန်းများ မြင့်တက်လာနေပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဈေးကောင်းရရှိနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။

ပြည်တွင်း ပဲလက်ကျန် နည်းပါးခြင်း၊ ပဲအသစ် ထွက်ရှိမှုနှုန်း လျော့ကျခြင်းနှင့် အိန္ဒိယ ပဲဈေးကွက်အတွက် ပဲဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြည်တွင်း ပဲဈေးနှုန်းများသည်လည်း မြင့်တက်သွားခြင်း ဖြစ်သည်ဟု ဧရာကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပဲစဉ်းငုံဈေးကောင်းတာက အိန္ဒိယဘက်မှာ ဈေးတက်လာလို့။ အိန္ဒိယဘက်က ၁ ကွန်တယ်ကို ရူပီး ၁၀၀ ကျော်၊ ၁၀၀၊ ၁၅၀ လောက် ဈေးတက်လာတာ။ ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်လောက်အထိက ဈေးတွေကျတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်အထိက ဈေးတွေကျတယ်။ ဒီ ၁ ရက်၊ ၂ ရက်ကျတော့ ဈေးက ပြန်တက်လာတာ။ ၁ ကွန်တယ်ကို ရူပီး ၁၀၀၊ ၁၅၀ အဲဒီလောက် ဈေးတက်သွားတယ်။ ဈေးကွက်ထဲကိုလည်း ပဲစဉ်းငုံ အသစ်ဝင်လာ တယ်။ အသစ်ဝင်လာပြီး ဈေးမြောက်နေတာ။ သူတို့ဘက်မှာ ဈေးတက်တော့ ဒီမှာလည်း ဈေးမြောက်တဲ့ သဘော ပါ။ ၁ တင်းကို ၇ သောင်းအထက်မှာ ရှိတယ်။ ဒီနေ့ ပေါက်ဈေးအတိုင်းဆိုရင် ၇၁၀၀၀ လောက် ရှိတယ်။ ဈေးကောင်းတယ်လို့ ပြောလို့ရတယ် အရင်နှစ်ကထက်စာရင်။ ဘာလို့ဆို ဒီမှာကလည်း ဒီနှစ်က ပဲမျိုးစုံပေါ့နော် ပဲစဉ်းငုံ တစ်ခုတည်း မဟုတ်ဘူး၊ ပဲမျိုးစုံ ပဲအထွက်နှုန်း နည်းနည်းကျတယ်။ အထွက်နှုန်းကျတာတော့ တခြား တော့ မဟုတ်ပါဘူး စိုက်စရိတ် ကြီးတယ်။ စိုက်စရိတ် မြင့်လာတဲ့အတွက်ကြောင့်မို့လို့ သိပ်မစိုက်နိုင်ကြတာရယ်၊ ဆေးဝါး သိပ်မသုံးနိုင်တာရယ် အဲဒါကြောင့်မို့လို့ အထွက်နှုန်း နည်းနည်းကျတယ်။ ဆိုပါစို့ မတ်ပဲဆိုရင် ပုံမှန်ဆိုရင် ၇ သိန်းခွဲ၊ ၇ သိန်းဝန်းကျင်လောက် ထွက်တယ်လေ။ ဒီနှစ်ဆိုရင် ၆ သိန်း ပတ်ဝန်းကျင်လောက်ပဲ ထွက်တယ်” ဟု ပြောသည်။

 မြန်မာ့ပဲမျိုးစုံကိုတွေ့ရစဉ်

ယခင်နှစ် ကာလတူ အချိန်တွင် ပဲစဉ်းငုံ တစ်တင်းလျှင် ၅ သောင်းကျပ် ဝန်းကျင်သာရှိပြီး လက်ရှိတွင် ၇ သောင်း ကျပ် ရရှိနေကြောင်း၊ ထို့နောက် မတ်ပဲသည်လည်း ယခင်နှစ်တွင် တစ်တင်းလျှင် ၅ သောင်းကျပ်ရှိပြီး ယခုနှစ်တွင် ကျပ် ၆ သောင်းကျော် ဈေးနှုန်း ရရှိနေသည်ဟု ပဲဈေးကွက်အတွင်းမှ သိရသည်။

မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် သိရိလင်္ကာ နိုင်ငံတို့ကို တင်ပို့ ရောင်းချလျက်ရှိသည်။

တောင်သူများအနေဖြင့် ယခုနှစ်တွင် ပဲစိုက်ပျိုးရာ၌ သွင်းအားစုစရိတ် အဆမတန် မြင့်တက်မှုကြောင့် သွင်းအားစု များ အနည်းငယ်သာ ထည့်ဝင်ထားနိုင်သည့်အပြင် အထွက်နှုန်းများလည်း လျော့ကျလျက်ရှိသည်ဟု တောင်သူ များက ပြောသည်။

ထို့ကြောင့် ယခုနှစ်တွင် ပဲဈေးနှုန်း ကောင်းမွန်သော်လည်း သွင်းအားစုစရိတ်၊ အလုပ်သမားစရိတ်များ မြင့်တက်နေသည့်အတွက် အကျိုးအမြတ် ရရှိမှုသည် သာမန်သာ ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ ပဲစိုက်တောင်သူ ဦးတင်အောင်ချိုက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာ့ပဲမျိုးစုံကိုတွေ့ရစဉ်

၎င်းက “ကောင်းတယ်လည်း ပြောလို့ရတယ်၊ မကောင်းဘူးလို့လည်း ပြောလို့ရပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဘာလို့ဆို သွင်းအားစုဈေးတွေ ဈေးကြီးတယ်လေ။ ပဲနုတ်ခတွေ ဈေးကြီးတယ်လေ။ တအားကြီး အဆင်ပြေတယ်လို့လည်း မဟုတ်ပါဘူး။ မနှစ်က ၅ သောင်းနဲ့ ဒီနှစ် ၆ သောင်းနဲ့က အတူတူပဲလေ ဘာမှထူးမှာ မဟုတ်ဘူး။ မနှစ်က ရိတ် သိမ်းခ ကုန်ကျစရိတ်နဲ့ ဒီနှစ် ရိတ်သိမ်းခ ကုန်ကျစရိတ်က ကွာတာက မနှစ်က ပေါင်းသတ်ဆေးတွေ၊ မှိုတက် ဆေးတွေ၊ ပိုးသတ်ဆေးတွေ ဈေးနဲ့ ဒီနှစ် ဈေးတွေ အများကြီး တက်ထားတော့ ဘာမှ သိပ်မထူးဘူးလေ။ တောင်သူတွေ ဘာမှ အလုပ်မရှိတဲ့ဟာ ပဲဈေးက အခုချိန် ၆ သောင်းဖြစ်တယ်၊ ၄ သောင်းဖြစ်တယ်လည်း စိုက် ရမှာပဲ။ အခု ပေါင်းသတ်ဆေး၊ ပိုးသတ်ဈေး ၁ ပုလင်းက ထားပါတော့လေ ပိုးသတ်ဆေး ၁ ပုလင်းက ၅ သောင်း ပဲထား၊ နောက်နှစ်မှာ ပိုးသတ်ဆေး ၁ သိန်းဖြစ်လည်း စိုက်ရမှာပဲလေ” ဟု ပြောသည်။

လက်ရှိတွင် ပဲဈေးကွက်အတွင်း မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းများ အသစ်ဝင်ရောက် လာနေကြောင်း၊ အိန္ဒိယနိုင်ငံတွင် ယခုနှစ် ပဲအထွက်နှုန်း လျော့ကျနေခြင်းကြောင့် မြန်မာ့ပဲမျိုးစုံကို ဝယ်ယူမှု မြင့်တက်လျက် ရှိနေကြောင်း သိရသည်။

ထို့ကြောင့် ပြည်ပသို့ တင်ပို့နေသည့် ပဲမျိုးစုံ ဈေးနှုန်းသည် ဆက်လက်၍ မြင့်တက်လာနိုင်မည် ဖြစ်သည်ဟု ပဲကုန်သည်များက ခန့်မှန်းထားကြသည်။