CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈

ပြီးခဲ့သည့် မတ်ပဲစိုက်ပျိုးရာသီတွင် မြန်မာနိုင်ငံ၏ မတ်ပဲ စိုက်ပျိုးမှုနှုန်းသည် ကျဆင်းနေသည့်အတွက် ယခု နှစ်တွင် အိန္ဒိယသို့ မတ်ပဲတင်ပို့မှု ယခင်နှစ်များထက် ထက်ဝက်ခန့် လျော့ကျမည်ဖြစ်သည်ဟု ပဲကုန်သည်များက ပြောသည်။

ယခင်နှစ်များတွင် မြန်မာနိုင်ငံ၏ မတ်ပဲ ထွက်ရှိမှုသည် တစ်နှစ်လျှင် တန်ချိန် ၇ သိန်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ်တွင် တန်ချိန် ၄ သိန်းခန့်သာ ထွက်ရှိသည့်အတွက် အိန္ဒိယသို့ တင်ပို့ရာတွင်လည်း လျော့ကျသွားမည် ဖြစ်သည်ဟု ဧရာကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

“အထွက်နှုန်းက အရင်တုန်းက ၇ သိန်း ပတ်ဝန်းကျင်လောက် ထွက်နေရာကနေ အခုဆိုရင် ၃ သိန်းခွဲ၊ ၄ သိန်း လောက်ပဲ ရှိမယ်၊ တစ်ဝက်လောက်ကို ကျသွားတယ် ဒီနှစ်က။ ဒါပေမယ့် အိန္ဒိယဘက်ကတော့ ဘယ်လို အင်ဖော်မာတွေနဲ့ ဘယ်လိုလုပ်လဲတော့ မသိဘူး။ အိန္ဒိယဘက်က မှန်းတာတော့ ကျနော်တို့ဆီက တစ်နှစ် ဒီနှစ် တန်ချိန် ၆ သိန်းခွဲလောက် ထွက်မယ်လို့ သူတို့တော့ မှန်းတယ်။ ဒါပေမယ့် တကယ့်တကယ် လက်တွေ့မှာတော့ အဲဒီလောက် မရှိဘူးဗျ။ ၃ သိန်းခွဲ၊ ၄ သိန်းလောက်ပဲ ရှိမယ်။ တစ်နှစ်ကို ဘယ်လောက်ဝယ်မယ်ဆိုတာ ရှိတယ်။ ဒါပေမယ့် အခုချိန်ထိ အိန္ဒိယက ဘယ်ကာလကနေ ဘယ်ကာလအထိ သတ်မှတ်ပေးတာတော့ မရှိသေးဘူး” ဟု ပြောသည်။

မတ်ပဲ အထွက်နှုန်း လျော့ကျရခြင်းသည် ဓာတ်မြေဩဇာ၊ ပိုးသတ်ဈေး၊ စက်သုံးဆီ စသည့် သွင်းအားစုစရိတ် အဆမတန် မြင့်တက်ခြင်းများကြောင့် တောင်သူများသည် လုံလောက်စွာ အသုံးမပြုနိုင်သည့်အတွက် အပင်များတွင် ပိုးကျ၍ အသီးဖြစ်ထွန်းမှု အားနည်းသွားခြင်းကြောင့် ဖြစ်သည်ဟု တောင်သူများက ပြောသည်။

မတ်ပဲသီးနှံစိုက်ခင်း

သွင်းအားစုဈေးနှုန်းမြင့်တက်ခြင်းကြောင့် တခြားသော သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးမှု ရပ်နား သွားကြသည့် တောင်သူများလည်း ရှိကြောင်း သိရသည်။

ဒါ့အပြင် ယခုနှစ်တွင် အိန္ဒိယသို့ မတ်ပဲတင်ပို့ရန်အတွက် အိန္ဒိယမှ တန်ချိန် မည်မျှဝယ်မည်၊ ဘယ်ကာလမှ ဘယ်ကာလအထိ တင်သွင်းခွင့်ပြုမည် စသဖြင့် ထုတ်ပြန်လာခြင်း မရှိသေးခြင်းကြောင့် ပြည်တွင်း မတ်ပဲ ဈေးနှုန်းသည် ငြိမ်နေသည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။

“ဈေးနှုန်းက ငြိမ်နေတယ်။ ငြိမ်နေရခြင်း အကြောင်းအရင်းက ၂ ချက် ရှိတာပေါ့။ အရင်နှစ်တွေက ဆိုလို့ရှိရင် ဘယ်ကာလကနေ ဘယ်ကာလအထိကို တင်သွင်းခွင့် သတ်မှတ်လိုက်ပြီ။ အခုဆိုလို့ရှိရင် အိန္ဒိယဘက်က ထွက် မလာသေးဘူး။ အဲဒါကြောင့် ဈေးငြိမ်နေတယ်။ နောက်တစ်ချက်က သူတို့ဘက်မှာလည်း ဈေးကို မြောက်တက် လာအောင် ဈေးကစားနေတဲ့ ကုန်သည်တချို့ ရှိတယ်။ အဲဒါတွေကိုလည်း သူတို့အစိုးရဘက်က နည်းလမ်းရှာပြီး ဖြေရှင်းဖို့ လုပ်နေတယ် လက်ရှိမှာ။ ဒါပေမယ့် ဈေးတက်လာနိုင်တယ်လို့ မှန်းတာတော့ တခြားတော့ မဟုတ်ဘူး၊ ဈေးတက်လာနိုင်တယ်ဆိုတာတော့ မတ်ပဲ တကယ်ဝယ်နေတာက ကျနော်တို့ဆီကနေဝယ်တယ်၊ ဒူဘိုင်းကနေ ဝယ်တယ်။ အဲဒီလိုမျိုး ဝယ်နေတဲ့အခါကျတော့ ဟိုဘက်ပိုင်းမှာ ရာသီဥတု ဖောက်ပြန်နေတဲ့သဘောရှိတော့ ကိုယ်တွေဆီကနေပဲ အဓိက ဝယ်တဲ့သဘော ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ဈေးက တက်လာနိုင်တယ်လို့ မှန်းတယ်” ဟု ပြောသည်။

မတ်ပဲကို ပြည်တွင်းတွင် စားသုံးမှု မရှိသည့်အတွက် ပြည်ပသို့သာ တင်ပို့ကြကြောင်း၊ နှစ်စဉ် အိန္ဒိယနိုင်ငံမှ မြန်မာ့မတ်ပဲကို တန်ချိန် ၅ သိန်းမှ ၇ သိန်းခန့်အထိ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မတ်ပဲဈေးနှုန်းသည် ၁ တင်းလျှင် မြန်မာကျပ်ငွေ ၆ သောင်းခန့် ဈေးနှုန်းဖြစ်ပေါ်နေပြီး တောင်သူ များနှင့် ကုန်သည်များအတွက် အကျိုးအမြတ် ရရှိမှု မရှိသေးကြောင်း၊ ၁ တင်းလျှင် ၇ သောင်းကျပ်ခန့် ရရှိမှသာ အကျိုးအမြတ် ရရှိမည့် အနေအထား ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

မတ်ပဲကို အောက်မြန်မာပြည်တွင် စပါးရိတ်သိမ်းပြီးချိန် သီးထပ်သီးနှံအဖြစ်လည်းကောင်း၊ မြစ်ရေကျချိန်တွင် ကိုင်းကျွန်းများ၌လည်းကောင်း၊ အထက်မြန်မာပြည်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသီးနှံအဖြစ် လည်းကောင်း စိုက်ပျိုးကြသည်။